Monday Reviews

ခေါင်းထဲကို အတွေးအခေါ်မှားတစ်ခုရောက်သွားရင် အမှန်အတိုင်းပြန်ဖြစ်ဖို့ ခိုင်မာတဲ့အတွေးအခေါ်ပေါင်း ၁၁ ခုလောက်ရောက်သွားဖို့ လိုတယ်ဆိုတဲ့ စကားကို ပြန်အမှတ်ရမိတယ်..။ ကျွန်တော့်အထင် အဲဒီစကားကို ပြောခဲ့တာ အိုင်းစတိုင်းထင်ရဲ့..။ ခက်တာက ကိုယ့်ခေါင်းထဲ အတွေးအခေါ်မှားတွေ ရောက်နေတယ်ဆိုတာ ကိုယ်တိုင်ရှာမတွေ့သေးသ၍တော့ မှားနေမှန်း ဘယ်လိုလုပ်သိမလဲ..။ တကယ့် အတွေးအခေါ်မှန် ၁၁ ခုလောက်ကကော ဘယ်အချိန်အတိုင်းအတာထိ ဝင်လာမှ မှန်မလဲဆိုတာ မသေချာဘူးဖြစ်နေတယ်..။ စဉ်းစားလေဝေးလေ..။ ကျွန်တော့်အထင် အိုင်းစတိုင်းကြီးပြောသွားတာ အတွေးအခေါ်မှားနေတာကနေ မှန်အောင်လုပ်ဖို့ တော်တော်လုပ်ယူရတယ်လို့ ဆိုလိုတာထင်ပါရဲ့..။

ဖုန်းတစ်လုံး ဝယ်ထားပြီး ကိုယ့်ဟန်းဆက် ဘယ်နိုင်ငံလုပ် ဘယ်ဈေးကွက်အတွက်ထုတ်ထားတယ် သိချင်ရင် စစ်တဲ့နည်းတော့ ရှိတယ်..။ ဖုန်းမှာပါတဲ့ IMEI ဆိုတဲ့ hardware no. ကိုစစ်တာပေါ့..။ အဲဒီနံပါတ်က တစ်လုံးနဲ့ တစ်လုံး မတူဘူးရယ်..။ အဲဒီကုဒ်ကို *#06# လို့ရိုက်ရင် ပေါ်လာတဲ့ဟာမျိုးပေါ့..။ အဲဒီနံပါတ်တွေက ဖုန်းတစ်လုံးရဲ့ hardware code ပါပဲ..။ အဲဒီနံပါတ်ကိုယူ..။ ဒီမှာနှိပ်..။ ပြီးရင် ကိုယ့်ဖုန်းရဲ့ IMEI code ကို text box ထဲရိုက်ထည့်ပြီး analyse ဆိုတာကိုနှိပ်လိုက်ရင် ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ information တွေ ပါတက်လာပါလိမ့်မယ်.။ ဘယ်ဈေးကွက်အတွက် ဖြန့်ချိတယ်..။ ဘယ်တုန်းက ဘာမော်ဒယ်လ်ဆိုတာကအစ စစ်လို့ရပါတယ်..။ အတုတွေဆိုရင်တော့ အလုပ်လုပ်မယ် မဟုတ်ပါဘူး..။ hand set သုံးလေးမျိုးလောက်နဲ့ စမ်းကြည့်ထားတာတော့ အဆင်ပြေသလောက်ပါပဲ..။

အင်တာနက်နဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ ပြယုဂ်အနေနဲ့ အလွန့်အလွန် အံ့သြလောက်ပြီး မျက်ခွံအစ်သွားမိတဲ့ ကိစ္စတစ်ခုတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က cyber cafe’ မှာ ကြုံလိုက်ရပါတယ်..။ ကျွန်တော် အင်တာနက်သုံးနေတဲ့ ဘေးခုံမှာ ချာတိတ်တစ်ယောက် လာထိုင်တယ်..။ ကျွန်တော်အမှုမဲ့ အမှတ်မဲ့ပဲ အလုပ်ထိုင်လုပ်နေလိုက်တယ်..။ နောက်တော့ file တစ်ခု upload လုပ်တာကို ထိုင်စောင့်ရင်း ဘေးက ချာတိတ် ဘာသုံးနေသလဲဆိုတာ ဖြတ်ခနဲ မျက်လုံးကစားမိတယ်..။ အသက်က ၈ နှစ်ပြည့်ပြီးခါစ အရွယ်က mIRC သုံးနေတာကို တွေ့လိုက်ရတယ်..။ GTalk ကနေတောင် invite လုပ်ပြီး အထာနဲ့ စကားတွေပြောနေလိုက်တာ ကျွန်တော်တကယ်ကို မျက်ခွံအစ်သွားတယ်..။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးတဲ့ လူဦးရေတိုးတက်လာတာက တစ်ရက်ထက်ရက် တစ်လထက်တစ်လ တိုးတက်လာတာ ကိန်းဂဏန်းတွေအရ တော်တော်လေး မြန်ဆန်လွန်းပါတယ်..။ ရှေ့ကလူလုပ်ရင် ကောင်းမယ်လို့ မြင်ရင် နောက်လူကအလွယ်တကူလိုက်လုပ်တတ်တဲ့ ဓမ္မတာအတိုင်း အင်တာနက်မှာ လုပ်နေကိုင်နေကြတာတွေက တလွဲဆံပင်ကောင်းလွန်းတယ်ဆိုတဲ့စကားလို ဖြစ်နေတယ်ထင်မိတယ်..။ လေ့လာသင်ယူမှုအတွက် အသုံးချတဲ့အဆင့်ကို ဘယ်အတိုင်းအတာရောက်မှာ တွေ့ရမြင်ရမယ်ဆိုတာ မသိပါဘူး..။ ရန်ကုန်မှာတော့ မသိဘူး..။ မန္တလေးက အင်တာနက်ဆိုင် တော်တော်များများနဲ့ ကျွန်တော်သိနေလေတော့ သူတို့ဆီကနေ ဒေတာကောက်လိုက်ရင် စိတ်ဝင်စားစရာကောင်းတာတွေ အများကြီး ထွက်လာနိုင်ပါတယ်..။ ကိုယ့်ကိစ္စမဟုတ်လေတော့ ဝင်မပြောချင်ပေမယ့် တကယ့်တကယ်ဆို နည်းမှန်လမ်းမှန်သုံးတတ်ဖို့ လေ့လာဖို့ လိုပါသေးတယ်..။

smart phone တွေမှာ မြန်မာလို ထည့်လို့ရအောင် sm3 က လုပ်ထားတာလေးရှိတယ်..။ ကျွန်တော်မသုံးရသေးတော့ review ရေးရ နည်းနည်းခက်နေတယ်..။ (ဆရာသမားများကို အချွန်နဲ့ မ တာ)။ ဒီစနစ်မှာ အားသာချက်တွေရှိတယ်..။ တစ်အချက်က အင်တာနက်သုံးတဲ့ မြန်မာတွေတော်တော်များများ နီးစပ်နေတဲ့ unicode တစ်ခုဖြစ်တဲ့ Zawgyi (ဇော်ဂျီ) ကိုသုံးထားတယ်..။ ဒါပေမယ့် simbian OS တွေမှာ ဇော်ဂျီကို ဒီအတိုင်းသွားထည့်ရင် ပဋ်ဆင့်ပြဿနာ တက်တယ်..။ ဆိုတော့ mobile phone အတွက် ဇော်ဂျီကို နည်းနည်း ပြုပြင်ယူထားရတယ်..။ ဒီတော့ WiFi ရတဲ့နေရာတွေမှာ မြန်မာဘလော့တွေ web-site တွေဖွင့်ကြည့်ရင် မြန်မာလိုကောင်းကောင်းမြင်ရတယ်..။ နောက်တစ်ချက်က sm3 ရဲ့ အင်မတန်ရိုးရှင်းတဲ့ MM9 input method ကို သုံးထားတယ်..။ သိတဲ့အတိုင်း phone keypad နဲ့ ကွန်ပျူတာ keypad က တူတာမဟုတ်ဘူး..။ မြန်မာစာတွေကို ကွန်ပျူတာ keypad လိုနေရာချလိုက်ရင် မှတ်ရ ရိုက်ရ ခက်တဲ့အပြင် မြန်မာလို ရိုက်နေကျလူတွေအတွက်လောက်သာ အဆင်ပြေနိုင်မယ်..။ ဒါကို sm3 က ဖြေရှင်းထားတာက တော်တော်ကို ရိုးရှင်းတဲ့ နည်းစနစ်နဲ့ ဖြေရှင်းထားတာ..။ MM9 ကို ခလုတ်ခုံကိုးခုပေါ် အခြေခံထားတာ..။ မြန်မာစာလုံးတွေဖြစ်တဲ့ ဗျည်းနဲ့ သရတွေကို ပုံစံတွေနဲ့ အုပ်စုခွဲလိုက်တယ်..။ ဗျည်းစာလုံးတွေမှာ အပိတ်စာလုံးတွေရှိတယ်.. (ဝ၊စ၊တ၊ထ၊ဓ) အဲဒီလိုစာလုံးတွေ..။ အပေါ်ပွင့်နေတဲ့စာလုံးတွေဖြစ်တဲ့ (ပ၊မ၊ဖ၊ဗ)၊ အောက်တည့်တည့်ပွင့်နေတဲ့စာလုံးတွေဖြစ်တဲ့ (ဂ၊ရ၊ဇ)၊ ရှေ့ပွင့်နေတဲ့စာလုံးတွေ (ခ၊ဆ၊ဒ၊ဥ)၊ နောက်တည့်တည့်ပွင့်တဲ့ စာလုံးတွေ (င၊န၊ဌ၊ဧ။်၊န) တွေကို အလယ်တည့်တည့်ခလုတ် (၅)၊ အပေါ်တည့်တည်ခလုတ် (၂)၊ အောက်တည့်တည့်ခလုတ် (၈)၊ ဘယ်ဘယ်ခလုတ်(၄)၊ ညာဘက်ခလုတ် (၆) တွေမှာ ထည့်ထားလိုက်တယ်..။ အဲဒီနည်းကို စဉ်းစားဖို့အတွက် အချိန်ပေါင်းများစွာပေးပြီး ငွေကုန်ကြေးကျများစွာနဲ့ research လုပ်ထားရတယ်..။ ကိုယ့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တော်တော်များများကို မြန်မာလိုပေးထားနိုင်တဲ့အတွက် လူကြိုက်တော့ များပါတယ်..။ သီချင်းနာမည်တွေကအစ ကိုယ့်ဖုန်း address book က လူနာမည်တွေကိုပါ # key လေးနှိပ်ပြီး ရေးထည့်နိုင်တဲ့အတွက် အဆင်ပြေတယ် ဆိုရမှာပါ..။ Simbian OS 9.3 မှာပဲ အလုပ်လုပ်ပါသေးတယ်..။ touch screen တွေအတွက်တော့ ဆက်လက်အကောင်အထည်ဖော်နေတယ် ဆိုပါတယ်..။ MM9 နဲ့ ပတ်သက်တာတွေ နောက်များမှ ပြည့်ပြည့်စုံစုံ ရေးပေးပါဦးမယ်..။

ဓါတ်ပုံကင်မရာကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ Nikon D40 အမျိုးအစား..။ အိတ်တစ်လုံးပါမယ်..။ Remote ပါမယ်..။ စိတ်ဝင်စားရင် မေးလ်ပို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းပါ..။ ဒီတစ်ခါတော့ ပိုက်ဆံလေးနည်းနည်းစုပြီး upgrade လုပ်ဖို့ပါ..။

VN:F [1.8.0_1031]
Rating: 5.5/10 (2 votes cast)
VN:F [1.8.0_1031]
Rating: 0 (from 0 votes)
Monday Reviews 5.5102
  • Share/Bookmark

One Response to “Monday Reviews”

  • littlebrook Says:

    ကိုမင်းစံရယ် ရှစ်နှစ်သားလေးတွေက မသိနားမလည်လို့ထား အသက်၂၂. အသက်၂၃အရွယ် အသိညဏ်ရှိပြီဆိုတဲ့ အရွယ်တွေတောင် အဲ့လိုပဲဗျာ.. သူတို့ပြောတာက အပျင်းပြေပေါ့ဗျာ ..
    ကင်မရာရောင်းမယ်ဆိုတော့ ဓါတ်ပုံမရိုက်တော့ဘူးလားလို့ လန့်သွားတာဗျို့ ဟားဟား …

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)

Leave a Reply