၇ နာရီထိုးတော့ နှိုးဆက်သံ မြည်နေပြီ။ ခပ်တည်တည်ပဲ ပိတ်ပြီး ခဏပြန်မှိန်းနေလိုက်တယ်။ ကားဂိတ်ကို မနက် ၈နာရီ တိတိမှာ သွားရဖို့ရှိပါတယ်။ ကျွန်တော်တို့က ကလေးကနေ တမူးမြို့ထိ စင်းလုံးငှားလာတာ ဖြစ်တဲ့အတွက် ကားဂိတ်ဘယ်မလဲဆိုတာ မသိပါဘူး။ ဗိုက်ဖြည့်ဖို့ကလည်းရှိနေတော့ မှိန်းချင်မှိန်းလျက်နဲ့ပဲ အိပ်ယာကနေ ဇွတ်လူးလဲထရပါတယ်။ ရေချိုးအ၀တ်အစားလဲပြီး ပစ္စည်းပစ္စယတွေသိမ်းဆည်းဖို့ လုပ်ရတယ်။ ကျွန်တော့်အကျင့်က အချိန်ကွက်တိလုပ်ရမယ့် အလုပ်တွေအတွက် ကြိုလုပ်တော့မယ်ဆိုရင် သွေးအေးသွားတတ်ပါတယ်။ ဘာကြောင့်ရယ် မသိပါဘူး။
ပစ္စည်းတွေသိမ်းဆည်းပြီးတော့ ဖေဖေ့မိတ်ဆွေကို ၀င်နှုတ်ဆက်ပါတယ်။ ဒါပေမယ့် သူနဲ့ မတွေ့ခဲ့ပါဘူး။ သူ့အမျိုးသမီးကိုပဲ ကျွန်တော်တို့ ပြန်တော့မယ့်အကြောင်း ပြောဆိုနှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်ပါတယ်။ ခရီးစဉ်က အောင်မြင်တယ်ပဲပြောရမယ် ထင်ပါတယ်။ အလုပ်ကိစ္စတွေ ပြောဆိုညှိနှိုင်းတာ အပြီးသပ်လာခဲ့ပါတယ်။
ဈေးဘက်ကိုသွားတော့ စတိုးဆိုင်လေးနဲ့ တွဲထားတဲ့လက်ဖက်ရည်ဆိုင်ကို ၀င်ထိုင်ပြီး လက်ဖက်ရည်နဲ့ မုန့်နဲ့ ၀င်စားလိုက်ပါတယ်။ ဆိုင်လေးက မိသားစုကဖွင့်ထားတဲ့ ဆိုင်လေးဖြစ်တဲ့အပြင် ၀န်ထမ်းမထားဘဲ တက်ညီလက်ညီလုပ်တဲ့ ဆိုင်ဖြစ်လေတော့ ၀င်ထိုင်စားရတာ စိမ်းတယ်လို့ မထင်မိဘူးဖြစ်နေတယ်။ စားသောက်ပြီး ကျွန်တော်တို့ ဈေးရှေ့မှာ ယောင်လည်လည် ဖြစ်နေသေးတယ်။ ကားဂိတ်ဆိုတာ ဘယ်နားရှိတယ်ဆိုတာ တမူးကို တစ်ခေါက်မှမရောက်ဖူးတဲ့ ကျွန်တော်တို့ မသိဘူးလေ။ ဒီတော့ ဈေးရှေ့မှာ ကြုံတဲ့လူတစ်ယောက်ကို မေးရတယ်။ ဆိုက်ကယ်နောက်တွဲတပ်ထားတဲ့ ယာဉ်လေးတွေနဲ့ သွားလို့ရတဲ့အပြင် ဆိုက်ကားငှားပြီးတော့လည်း သွားလို့ရတယ်လို့ သိရတယ်။
ကျွန်တော် ဆိုက်ကားမစီးချင်ပါဘူး။ ဘာကြောင့်ရယ်မသိဘူး ဆိုက်ကားမစီးချင်ဘူး။ ကိုယ့်ကိုတစ်ယောက်က တင်ပြီးဘေးကနေ ချွေးသံတရွှဲရွဲနဲ့ နင်းနေတာကို ခံစားရတာ တစ်မျိုးဖြစ်မိတယ်။ ဒါကြောင့် မစီးချင်ဘူး။ မြို့နယ်စည်ပင်ဈေးနဲ့ မျက်စောင်းထိုးလောက်မှာ ဆိုက်ကယ်ဂိတ်ရှိပါတယ်။ အဲဒီမှာစုံစမ်းကြည့်တော့ လိုက်ပို့ပေးမယ် တစ်စင်းလုံးငှား ၁၅၀၀ တဲ့။ ဆစ်မနေတော့ဘဲ ငှားလာခဲ့လိုက်တယ်။ တမူးကားဂိတ်ရှေ့ထိ ရောက်တယ်။ အတွင်းထဲဝင်ပို့မပေးဘူး။ ဘာလို့ပါလိမ့်လို့ လှမ်းကြည့်တော့ ခရီးသည်တွေကို ကားဂိတ်ထဲ ၀င်ခွင့်မပေးသေးဘူးတဲ့။ အပြင်မှာ ရပ်စောင့်နေရတယ်။
ကျွန်တော်ကားဂိတ်ကိုရောက်သွားတဲ့အချိန်က ၈နာရီတိတိ ပါပဲ။ ဒါပေမယ့် ဂိတ်မဖွင့်သေးတော့ ရပ်စောင့်ရပါတယ်။ ၈း၃၀ လောက်မှ ကားဂိတ်ဖွင့်ပါတယ်။ တစ်ယောက်ချင်းဆီ တန်းဆီပြီး စစ်ဆေးခံရပါတယ်။ ပါလာတဲ့အိတ်တွေကို စစ်ဆေးတာပါ။ ခဏလေးပါပဲ။ မြန်ပါတယ်။ အဲဒီကနေ ဖြတ်လာပြီး ကားဝင်းထဲကို ၀င်လာခဲ့တယ်။ ကျွန်တော်တို့ စီးရမယ့်ထွန်းတောက်ကားကို လွယ်လွယ်ပဲ ရှာဖွေတွေ့ပါတယ်။ လက်မှတ်စစ်တဲ့ စာရေးမကို လက်မှတ်ထုတ်ပေးတော့ မှတ်ပုံတင်တွေပါ ပေးထားပါလို့ တောင်းပါတယ်။ ကျွန်တော် မှတ်ပုံတင်တွေ ထုတ်ပေးလိုက်ပါတယ်။ သူတို့ ယူကြည့်ပြီးတော့ immegration ကို သတင်းပို့ခဲ့သေးလားလို့ မေးပါတယ်။ ကျွန်တော်က မပို့ရသေးကြောင်း ပြောတော့ ဒါဆို immegration ကို သတင်းသွားပို့ပြီးမှ မှတ်ပုံတင် ဒီပြန်လာပေးပါဆိုပြီး သတင်းပို့ရမယ့် နေရာကို ညွှန်လိုက်ပါတယ်။
ခုနက ကျွန်တော်ဖြတ်ဝင်လာတဲ့ နေရာရာမရောက်ခင် အခန်းပြတင်းပေါက်မှာ လူဝင်မှုကြီးကြပ်ရေး ရှိပါတယ်။ အဲဒီကို ကျွန်တော်မှတ်ပုံတင်သွားပေးပြီး ကျွန်တော်တို့ ပြန်မယ့်အကြောင်း ပြောရပါသေးတယ်။ ပျော်စရာကြီးနော်။ ကိုယ်နဲ့မသိတဲ့သူသွားပြီး မှတ်ပုံတင်ထုတ်ပေးပြီး ပြန်တော့မယ်ဗျ မန္တလေးကိုလို့ ပြောရတာ ဘယ်လိုအရသာလဲဆိုတာ ပြောဖူးတဲ့သူပဲ သိမယ်ထင်တာပဲ။
ကျွန်တော့်ကို ဘာဘာညာညာ သိပ်မမေးပဲ နေရပ်လိပ်စာပဲ ယူထားလိုက်ပါတယ်။ မှတ်ပုံတင်လေးကိုင်ပြီး ဂိတ်စာရေးဆီကို ပြန်လာပေးရပါတယ်။ ကျွန်တော်တို့ရဲ့ အ၀တ်အစားအိတ်ကို နာမည်နဲ့ ခုံနံပါတ်တွေရေးပြီး တပ်ထားပြီး ဂိတ်က ပစ္စည်းနေရာချဖို့ သိမ်းသွားပါတယ်။ ထွန်းတောက်ဂိတ်ဆိုပြီး သက်သက်လုပ်ထားတာ မရှိပေမယ့် ခရီးသည်တွေ နားဖို့အတွက် နေရာလေးလုပ်ပေးထားတာကိုပဲ ကျေးဇူးတင်ရပါတယ်။ ဘာလို့လဲဆိုတော့ ကားကွင်းထဲမှာ ထိုင်စရာနေရာဆိုလို့ အဲဒီနားပဲ ရှိလို့ပါ။ ၈း၃၀ သွားတဲ့အထိ ကားမထွက်သေးပါဘူး။ ကားခေါင်မိုးပေါ်ကို MBL က ဘီယာစည်တွေတင်နေတာ တွေ့ပါတယ်။ ကားက ၉ခ ပေမယ့် မကောင်းပါ။ ခုံတွေကို အပြင်ကနေ လှမ်းကြည့်တော့ ကျဉ်းသယောင်ထင်နေရပါတယ်။
၉ နာရီမထိုးခင်လောက်တော့ နာမည်ခေါ်ပြီး ကားပေါ်တက်ခိုင်းပါတယ်။ ကျွန်တော်တို့ ခုံနံပါတ်က ရှေ့ဘက် နည်းနည်းရောက်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် ကားထွက်ခါနီးမှ ကားနဲ့လိုက်ချင်တဲ့ခရီးသည်တွေလည်း ရောက်လာပါတယ်။ go show ပေါ့။ သူတို့တွေ့လည်း နေရာရတော့ လက်မှတ်က သိပ်ခက်ခက်ခဲခဲ ကြိုစီစဉ်စရာ မလိုလောက်ဘူးလို့ စဉ်းစားမိတယ်။
မနက် ၉ နာရီမှာ တမူးမြို့ကနေ စထွက်ပါတယ်။ တမူးကနေ ကလေးမြို့ကို အရင်ဆုံးသွားမှာပါ။ ကလေးမြို့မှာ ဆင်းနေမယ့်ခရီးသည်တချို့လည်း ကားပေါ်မှာပါလာပါတယ်။ တမူးကနေ ကလေးမြို့ကို သွားတဲ့လမ်းက ကောင်းပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း တံတားတွေသောက်ရမ်းဖြတ်ရပါတယ်။ ဒီတစ်ခါတော့ စိတ်အချဉ်ပေါက်ပေါက်နဲ့ တံတားတွေကို တာလီချိုးပြီး မှတ်လာခဲ့လိုက်ပါတယ်။ ကွန်ဂရစ်တံတားပိစိလေးတွေကို မမှတ်ဘဲ သံတံတားရယ် တချို့ကွန်ဂရစ်တံတားတွေရယ်ကို မှတ်လာလိုက်တာ ကလေးမြို့အထိ တံတားအစင်းပေါင်း ၁၀၀ တိတိရှိတယ်။ ကွန်ဂရစ်တံတားဘယ်နှစင်း သံပြားခင်းတံတား ဘယ်နှစင်းဆိုတာပါ မှတ်ထားတာ ရှိပါတယ်။ လောလောဆယ်တော့ အဲဒီစာရွက် ဘယ်ရောက်သွားတယ် မသိဘူး။ ပြန်ရှာရဦးမယ်။
လမ်းမှာ Immegration က စစ်ဆေးတာကို ကြုံရပါတယ်။ ကားပေါ်မှာ အိန္ဒိယအနွယ်ဝင် မိသားစုတစ်စု ပါလာလို့ သူတို့ကို သေချာမေးနေပါသေးတယ်။ ဒါပေမယ့် ဟိုလူတွေက မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်နဲ့ တိတိကျကျနေတဲ့လူတွေဖြစ်တဲ့အပြင် အဲဒီလို အစစ်အဆေးခံရတာကို အတွေ့အကြုံရှိနေတဲ့ လူတွေ ဖြစ်မယ်ထင်ပါတယ်။ အေးအေးလူလူပဲ စာရွက်စာတမ်းတွေ ထုတ်ပြပြောဆိုနေပါတယ်။ ကျွန်တော့်ကို အိမ်ထောင်စုဇယားတောင်းရင် ဘယ်လိုပြရမယ်မသိ။ ကျွန်တော်တို့မှာ မှတ်ပုံတင်ပဲ ပါလာတာကိုး။ နောင်ဆို ခရီးတစ်ခုသွားရင် အိမ်ထောင်စုဇယားမိတ္တူပါ ဆောင်ထားရင် မဆိုးလှဘူးလို့ စဉ်းစားမိတယ်။
တမူးမြို့ကနေ ကလေးမြို့ကို ၁၁း၄၅ မှာရောက်ပါတယ်။ ၂း၄၅ မိနစ်လောက် ကြာပါတယ်။ ကလေးကားကွင်းမှာ ရှိတဲ့စားသောက်ဆိုင်ကို ၀င်စားဖြစ်ပါတယ်။ နေ့လည်စာ ဖြည့်ထားမှ ဖြစ်မယ်လို့ ကားသမားက ပြောပါတယ်။ ဘာကြောင့်လဲမေးတော့ ရှေ့လျှောက်လမ်းက ဆိုးပြီဆရာတဲ့။ မူးမယ်တဲ့။ ကျွန်တော် ဘုရားတမိတယ်။ ကျွန်တော် ကားတောက်တတ်တယ်။ သာမန်အချိန်တွေမှာ သိပ်မဖြစ်ပေမယ့် အိပ်ရေးမ၀ဘဲ အားနည်းနေတဲ့ အချိန်မျိုးဆိုရင် အန်တောင်အန်တတ်ပါတယ်။ ကလေးကားကွင်းမှာရှိတဲ့ ထမင်းဆိုင် တစ်ဆိုင်မှာ ၀င်စားပါတယ်။ ဆိုင်နာမည်က မေတ္တာဦးဆိုပဲ။ နာမည်လေး လှတာနဲ့ဝင်စားလိုက်ပါတယ်။ ဆိတ်သားဟင်း ရတယ်ဆိုတာနဲ့ ဆိတ်သားဟင်းပဲ ချဟာ ဆိုပြီး မှာစားပါတယ်။ ဟင်းရံတွေရောက်လာပြီး ဆိတ်သားဟင်း ပါမလာပါဘူး။ ဒါနဲ့ ဆိတ်သားဟင်းပြန်တောင်းရပါတယ်။ အဲဒီတော့ မချောက ဆိတ်သားဟင်း ကုန်သွားပြီတဲ့။ ဒါဆို ဘာရလဲလို့ မေးတော့ ဘာမှမရတော့ဘူးတဲ့။ မှားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်ကြက်ဥကြော်ခိုင်းလိုက်ရတယ်။ ကြက်ဥကြော်တော့ ရပါတယ်ဆိုပဲ။ ၀မ်းမြောက်ဝမ်းသာစွာနဲ့ပဲ မှာစားလာခဲ့လိုက်တယ်။ ကျွန်တော် ကလေးကနေ တမူးမြို့ကို စင်းလုံးငှားစီးလာခဲ့တဲ့ ရှမ်းတောင်တန်းကားဂိတ်ကိုလည်း ၀င်ဝင်ချင်းမှာ တွေ့ရတယ်။ အဲဒီနောက် ကပ်လျက်မှာ ချင်းတောင်တန်း ကားဂိတ်ဆိုပဲ။
ကျွန်တော်ထမင်းစားတဲ့ ၀ိုင်းနောက်မှာ ကားဒရိုင်ဘာတွေ စပယ်ယာတွေ ထိုင်စားကြတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် စနေ နောက်နေတာတွေကြားရတာ ပြုံးချင်ချင်ရယ်။ ကားသမားတွေက ခရီးသွားတွေကို ဇွတ်ဆွဲပြီး သူတို့ဂိတ်တွေဆီ ဆွဲခေါ်နေတာမြင်ရတော့လည်း ပြုံးမိတယ်။ အဲဒါကို မြင်တဲ့ ကျွန်တော့်ဝိုင်းနောက်က ကားသမားတွေက ဟေ့ ငါတို့ကားနဲ့လိုက် ခရီးစရိတ်ကို မန္တလေးရောက်ရင် တစ်ဝက်ပြန်အမ်းမယ်တဲ့။ ဒါနဲ့ နောက်ကားသမားတစ်ယောက်က ဟေ့ ငါ့ကားနဲ့လိုက်ရင် ကားခအကုန် ပြန်ပေးမကွ လို့ ထ အော်ပြန်တယ်။ နောက်တစ်ယောက်က ဟေ့ အပြည့်ပြန်ပေးမယ့်အပြင် ထမင်းလည်းကျွေးမယ် နင်းလည်းပေးမယ် ဆိုပဲ။ သူတို့ဟာသူတို့ ပြောပြီး သဘောကျပြီး ရယ်နေကြတယ်။
ကလေးမှာ ကားရပ်တာ အတော်ကြာပါတယ်။ တမူးက ပါလာတဲ့ ပစ္စည်းတွေချလို့ပဲလား ကလေးကနေ မန္တလေး ခရီးသည်တွေ တိုးလို့ပဲလား မသိပါဘူး။ ၁း၄၅ မှ ကားထွက်ပါတယ်။ အလကားနေရင်း ၂ နာရီလောက် ငုတ်တုတ် ထိုင်နေလိုက်ရပါတယ်။
ကလေးမြို့ကနေ ကားစထွက်ကတည်းက လမ်းက သိသိသာသာ ဆိုးသွားပါတယ်။ မြေလမ်းတွေ ကျောက်ကြီးချပြီး အကြမ်းခင်းထားတဲ့လမ်းတွေချည့်ပါပဲ။ တစ်ခု သိပ်ကောင်းတာက ပတ်ဝန်းကျင် အလှအပ အရမ်းသိသာလွန်းတာပါပဲ။ ကျွန်တော် ဒုတိယမ္မိအကြိမ် နောင်တရပြန်ပါတယ်။ ကျွန်တော့်ကင်မရာလေး ပါလာရင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ပေါ့လေ။ ဒါပေမယ့် အခက်အခဲတွေ စဉ်းစားမိပြန်တော့လည်း ပါလာရင် ဘယ်လိုဖြစ်မယ်မသိဆိုပြီး ဆက်စဉ်းစားရပြန်တယ်။ နောက်တစ်ခေါက်ဆိုရင် ကိုသခင်ကြီးတို့ ကိုမောင်လှတို့နဲ့ အတူပြန်လာချင်တယ်။ ကလေးကနေ တမူးထိသာ အစစ်အဆေးနဲ့ ဘာဘာညာညာ ကွိုင်ရှိတာ ဒီဘက်မှာ ရှိတာမဟုတ်ဘူး။ ဒါကြောင့်မို့ပါ။
ကားလမ်းက ကြမ်းတဲ့အပြင် တချို့နေရာမှာ တံတားကျိုးနေရင် ချောင်းထဲကနေ ဖြတ်မောင်းရပါတယ်။ အဲဒီလို ဖြတ်မောင်းတာကို ကလေးကနေ မန္တလေးအထိ သုံးနေရာလောက် ရှိပါတယ်။ သူများတော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကျွန်တော့်စိတ်ထဲတော့ ခုလုခုလုနဲ့ တစ်မျိုးကြီးခံစားရတယ်။ ဘယ့်နှယ် ကားကြီး ချောင်းရေထဲ ဖြတ်ရင်း တစ်ခုခုများဖြစ်လို့ကတော့ ပြီးပဟလို့ စိတ်ထဲတွေးနေမိတာပါ။ ချောင်းထဲဆင်းပြီး ပြန်တက်တဲ့နေရာမှာ အတော်လေးခက်ပါတယ်။
ပြောဖို့ကျန်သွားတာက ထွန်းတောက်ကားတစ်စီးတည်း တမူးကနေ ထွက်လာတာမဟုတ်ပါဘူး။ ရှေ့မှာ ရွှေမန်းသူကားတစ်စီးလည်းပါသလို တခြားယာဉ်လိုင်းက ကားတစ်စီးကိုလည်း တွေ့မှ သြော် ထွန်းတောက်တင် လိုင်းကားဆွဲတာမဟုတ်ဘူး တခြားကားတွေလည်း ရှိသေးတယ်လို့ တွေးမိပါတယ်။ ကားပေါ်က ဒုက္ခကတော့ အတော်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုံတွေကျဉ်းတဲ့အတွက်ကြောင့်ပါ။ အရပ်ရှည်တဲ့ ကျွန်တော့်မှာ ဒူးတွေနာလိုက်တာမှ ပြောမနေပါနဲ့။ အလယ်ခုံချပြီး အဲဒီဘက် ခြေထောက်တင်ပြီး ထိုင်ရပါတယ်။ ခဲရာခဲဆစ်ပါပဲ။ လမ်းကောင်းရင် အဲသလောက် ဒုက္ခရောက်မယ် မထင်ပါဘူး။ လမ်းကလည်းဆိုးတော့ ဘယ်ယိမ်း ညာနွဲ့တဲ့အပြင် အပေါ်အောက်ပါ စောင့်တော့ သေရောပေါ့။
ဒီကြားထဲ ဘုန်းတော်ကြီးတစ်ပါးသယ်လာတဲ့ အတာချီကေ့စ်က ကြိုးနဲ့တုပ်ထားပေမယ့် တာဝန်ယူပြီးချည်ပေးတဲ့ စပယ်ယာလေးကပဲ သေချာမချည်လို့လား ကားတွေလှုပ်တာရမ်းတာကိုပဲ မခံနိုင်လို့ပဲလားမသိဘူး။ အောက်ပြုတ်ကျလာပါသေးတယ်။ ကံကောင်းထောက်မစွာ အလယ်ခုံကနေ ကျွန်တော့်ခုံဘက်ကို ရွှေ့ထိုင်မိတဲ့အချိန်ဖြစ်လို့ သီသီလေး လွတ်သွားပေမယ့် ကျွန်တော့်ဘေးခုံတန်းကလူက ကျွန်တော်လစ်ပြီဆိုပြီး အလယ်ရွှေ့ထိုင်တာ သူ့ပေါ် တန်းတန်းကြီးပြုတ်ကျလာပါရောလား။ ဘုရားသခင်ဆိုပြီး တစ်လုံးတည်း ထွက်လာသလား အဘားလို့ပဲ အော်သလားမမှတ်မိပေမယ့် အတော်တော့နာသွားရှာတယ်။
ကျွန်တော်နယ်စပ်ဘက်တွေ ခရီးထွက်ဖူးပါတယ်။ ကယ်ဆယ်ရေးခရီးဆိုပြီး ဘိုကလေးကိုလည်း ကားနဲ့ သွားဖူးပါတယ်။ လမ်းဆိုးတယ်ဆိုတာ တကယ်တော့ ခဏပဲ။ အလွန်ဆုံးဆိုး သုံးလေးနာရီပဲ။ အဲဒီထက် ပိုမဆိုးတတ်ပါဘူး။ အခုကျွန်တော်စီးလာတဲ့ကားက နေ့လည် ၂ နာရီကနေ စပြီးမောင်းလာလိုက်တာ မရပ်မနား ဆိုးလိုက်တဲ့လမ်းက တောက်လျှောက်ပါပဲ။ ညနေ ၄း၃၀ လောက်တော့ ကံ့ကောကို ရောက်ပါတယ်။ အခုကားလမ်းက ကြည့်ရတာ ချင်းပြည်နယ်ကိုဖြတ်မောင်းပြီး စကိုင်းတိုင်းကိုဝင်ပုံရတယ်။ စကိုင်းတိုင်းကနေ မကွေးဘက်ပတ်ပြီး စစ်ကိုင်းတိုင်းထဲ ပြန်ဝင်သွားတဲ့လမ်းပါ။ အဲဒီကနေ မန္တလေးတိုင်းဘက်ကို ၀င်ပြီး မန္တလေးကို ရောက်မှပါ။ ဒါက ခရီးစဉ် လမ်းကြောကို ပြောပြတာပါ။
ညနေ ၄း၃၀ မှာ မွေ့လယ်ကို ရောက်ပါတယ်။ ခဏနားဖို့ဆင်းတော့ ညစာ ဘယ်အချိန်စားရမလဲ မသိတာကြောင့် ထမင်းဆိုင်မှာ ဗိုက်အ၀တီးရပြန်တယ်။ ညီမင်းစံတစ်ယောက် စားနိုင်သောက်နိုင်လိုက်တာလို့ စဉ်းစားဖို့အာချောင်ဖို့ စိတ်မကူးပါနဲ့ဗျာ။ ကျွန်တော့်မှာ တစ်ခါမှမသွားဖူးတဲ့လမ်း တစ်ခါမှမရောက်ဖူးတဲ့ဒေသ တစ်ခါမှ မကြုံဖူးတာတွေ ကြုံလာမယ်ဆိုတာ မျှော်လင့်ထားရတော့မှာပဲ။ expect the unexpected ဆိုလားပဲလေ။ ကားကွင်းမှာ စားထားတဲ့ အစားအသောက်တွေကလည်း ကားစောင့်လို့ထင်ရဲ့ ဗိုက်ဟောင်းလောင်းဖြစ်နေတဲ့ အတိုင်းပဲ ခံစားနေရတယ်။
၅း၀၀ နာရီထိုးတာနဲ့ ခရီးဆက်ရပြန်ပါတယ်။ လမ်းမှာ ကားကိုလုမောင်းတာ ကြုံရတယ်။ ကျွန်တော်တို့ ကားက အရင်ထွက်နိုင်ဖို့ ကြိုးစားပေမယ့် နောက်ကျကျန်ခဲ့တဲ့ လူတစ်ယောက်ကို စောင့်နေရတာနဲ့ပဲ ရွှေမန်းသူ ကားက ကျော်တက်သွားပါတယ်။ ဘာကြောင့်ဆိုတာ နောက်မှသိရတယ်။ အခုဖြတ်ရမယ့်လမ်းက ကြမ်းတဲ့အပြင် ဖုန်သိပ်ပေါတဲ့လမ်းဖြစ်နေလို့ပါ။ ရှေ့က ကားမောင်းသွားလို့ကတော့ နောက်ကားသေဖို့သာပြင်ပေတော့ပဲ။ ဖုန်တွေအလိပ်လိုက် အလိပ်လိုက်ကို ၀င်တာပါ။ ကားက သာမန်လိုင်းကားဖြစ်တဲ့အတွက် တံခါးတွေလုံအောင် ပိတ်မထားပါဘူး။ ဒါ့အပြင် ကျွန်တော့်နောက်မှာ လိုက်လာတဲ့ ချင်းသားအဖက ဆေးလိပ်သောက်လာပါတယ်။ ကျွန်တော်ထပြီး တားချင်ပေမယ့် ပြဿနာမတက်ချင်တာနဲ့ပဲ ဒီအတိုင်းလိုက်လာဖြစ်ခဲ့တယ်။ အမှန်တော့ ကိုယ်မှန်နေရင် ပြောရဲတဲ့သတ္တိရှိတာ ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ အခုလောလောဆယ် စိတ်ရှုပ်ခေါင်းရှုပ်တာ မခံချင်လှဘူး။ ခရီးလမ်းကြမ်းတဲ့အတွက် လူတိုင်း သည်းခံနိုင်တဲ့ အခြေအနေ ဘယ်လောက်မှာရှိတယ်ဆိုတာ မသိနိုင်ဘူးလေ။
ည ၉ နာရီမှာ ရေမျက်နီဆိုတဲ့ နေရာကို ရောက်ပါတယ်။ ကားမောင်းလာတဲ့ လမ်းတလျှောက်မှာ ဘေး ဘယ်ညာ လမ်းဖြတ်တွေ မရှိဘဲ တောင်တွေတက်လိုက်ဆင်းလိုက် တောက်လျှောက်မောင်းပါတယ်။ ကွေ့တဲ့နေရာမှာ ကားကြီးတွေ ဖြစ်တဲ့အတွက် လမ်းကို ဦးတိုက်ပြီးကွေ့ပါတယ်။ တစ်ချက်လေး အတိမ်းအစောင်းရှိတာနဲ့ ရှေ့က ချောက်ကမ်းပါးက ကြိုဆိုနေတာပါ။
ရေမျက်နီကိုရောက်တော့ အပေါ့အပါးသွား ကိုယ်လက်သန့်စင်ပြီး အအေးတစ်ခုခုသောက်ဖြစ်ပါတယ်။ မနက် ၉ နာရီကနေ ခရီးစထွက်လာလိုက်တာ အခု ည ၉ နာရီအထိ ဆိုတော့ လူက နည်းနည်းပြိုင်းနေပါပြီ။ ဒါပေမယ့် အားတင်းထားရင်း ခရီးစဉ်ဆက်လက်ထွက်ခွာပါတယ်။
လမ်းမှာ ကားခုံပေါ်က ပြုတ်မကျအောင် ထိန်းရင်း ဒူးတွေဒဏ်ရာရရင်း တလူးလူး တလိမ့်လိမ့်နဲ့ပဲ ခရီးဆက်ပါတယ်။ လမ်းကြမ်းလွန်းတာကြောင့် ညလည်း အိပ်လိုက် နိုးလိုက်ပါပဲ။ မနက် ၅နာရီကျော်ကျော်လောက်တော့ မုံရွာကို ရောက်ပါတယ်။ မုံရွာအ၀င်မှာ လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးတာကို ခံရပါသေးတယ်။ မှတ်ပုံတင်ထုတ်ပြရင်း ဘယ်ကလာပါတယ်။ ဘယ်သွားမလို့ပါ။ ဟုတ်ကဲ့.. ဒါကျွန်တော့် အိမ်လိပ်စာပါ။ ကျွန်တော်အတည်တကျနေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ဆိုတဲ့စကားလေးတွေလည်း ပြောရပါတယ်။ မုံရွာအကျော်မှာ ကားခဏရပ်ပါတယ်။ ဘာမှစားချင်စိတ်မရှိသလို ခရီးပင်ပန်းတဲ့ဒဏ်က အတော်လေးခံရပါတယ်။ ကားက တောက်လျှောက်စီးလာရတာ ပင်ပန်းသလို လမ်းကြမ်းလွန်းတာလည်း ပါပါတယ်။
မုံရွာကနေထွက်ကတည်းက တောက်လျှောက်မောင်းတာ စစ်ကိုင်းကိုဖြတ်ပြီး မန္တလေးကိုရောက်တဲ့အထိ တောက်လျှောက်မနားတမ်းပါပဲ။ ကျွန်တော်နေတဲ့ မန္တလေးလောက် ကျွန်တော် ဘယ်မြို့ကိုမှ မချစ်ပါဘူး။ ဘာလို့လည်းဆိုတော့ တခြားမြို့တွေထက်စာရင် မန္တလေးက စွဲလမ်းစရာအပြည့်နဲ့ ရင်ခုန်စရာ အပြည့်ပါပဲ။ အမေလူထုဒေါ်အမာပြောသလိုပဲ မန္တလေးက သူ့ဟာနဲ့သူ အဘက်ဘက်က ပြည့်စုံတယ်။ မြစ်ရှိတယ်၊ ကျုံးရှိတယ်၊ တောင်ရှိတယ်၊ တောရှိတယ်၊ ရွာရှိတယ်၊ ဘုရားစေတီကျောင်းကန်တွေလည်း ရှိတယ်။ မြို့ပြစရိုက် ရှိပေမယ့် ချစ်စရာကောင်းပါတယ်။ အရာရာအားလုံးက အလွန်ဆုံး အဝေးဆုံး ၁၅ မိနစ်ခရီး ဖြစ်လေတော့ အဲဒီတစ်ချက်တည်းကိုက မန္တလေးရဲ့ အားသာချက်တစ်ခုပါပဲ။
ကျွန်တော်မန္တလေး ကားကြီးကွင်းကို ကားစိုက်မယ်ထင်နေတာ ကားလေးကွင်းကိုပဲ ဆိုက်ပါတယ်။ ကားလေးကွင်းလို့ ကျွန်တော်တို့ ခေါ်နေတာ အမှန်တော့ သီရိမန္တလာပါ။ မနက် ၉ နာရီတိတိမှာပဲ မန္တလေးကို ရောက်ပါတယ်။ ၂၄ နာရီ တိတိ ကြာအောင် လမ်းပေါ်မှာရှိနေခဲ့တော့ ပြိုင်းနေပါပြီ။ အမှန်အတိုင်းပြောရရင် အိပ်ယာပေါ် ပစ်လှဲလိုက်ချင်ပြီ။ ဒါပေမယ့် အိမ်က ကားလေးကွင်းမှာမှ မဟုတ်တာ။ အဲဒီကနေ TAXI နဲ့ ၁၅၀၀ ပေးပြီး အိမ်ကိုပြန်ခဲ့လိုက်တယ်။
တမူး ~ မန္တလေးခရီးစဉ် ပြီး၏။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]