Mar 30 2009

ပိတောက်ကင်ဆာ

(တစ်)

အတိတ်တွေ အရိပ်လိုထိုးကျနေတဲ့ မြေပြင်မှာ ကျွန်တော်လမ်းလျှောက်နေခဲ့တယ်။ ဟိုးအဝေးဆီက ငှက်သံလေး မကွဲမပြားကြားလိုက်မိတယ်။ ဥသြငှက်သံလို့ စိတ်က သိနေခဲ့တယ်။ ခပ်မှိုင်းမှိုင်းမြေပြင်ကို နင်းဖြတ်ရင်း ဘယ်ဆီဘယ်ဝယ်မရည်ရွယ်ဘဲ တစ်နေရာဆီကို ငေးရီနေမိတယ်။ ကျွန်တော့်မြင်ကွင်းထဲ ပိတ်တောက်ပင်နဲ့ ခုံတန်းဖြူလေးတိုးဝင်လာခဲ့တယ်။ အတိတ်တွေ။ သွေးစက်တွေလို နီရင့်ရင့် ကျွန်တော့်ရှေ့မှာ တစ္ဆေတစ်ကောင်လို့ ရုတ်ခနဲရောက်လာတယ်။ ရောင်ရမ်းပြီး မျက်စေ့စုံမှိတ်ထားလိုက်မိတယ်။ ကျွန်တော့်အတွက် အတိတ်ဆိုတာ ပစ္စုပ္ပန်မှာကပ်နေတဲ့ အရိပ်တစ်ခုလိုပဲ အမြဲတတွဲတွဲနဲ့။ လေပူတစ်ချက်မှုတ်ထုတ်ရင်း မောဟိုက်နေတဲ့ ရင်ခွင်ကို လျှော့ချကြည့်ပေမယ့် စီးပိုးထားတဲ့ အတိတ်ဟောင်းရဲ့ အရိပ်က ကျွန်တော့်ပုခုံးထက်မှာ လေးတွဲ့စွာခိုမှီနေခဲ့တယ်။ နုန်းချိနေတဲ့ ခံစားချက်တွေ ကျွန်တော့ဆီ တစ်ပွေ့တစ်ပိုက်။

အဲဒီနေ့တွေပေါ့။ ကျွန်တော့်ဆီကို ရောက်လာဦးမယ့် အဲဒီနေ့တွေ။ မရှိတော့ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ ကလေးဆန်ဆန် ဆုတောင်းကိုလည်း ဘုရားအဆူဆူတို့ မသိကြားခဲ့ပါဘူး။ ဒီနေ့တွေက ကျွန်တော့်ဆီကို တနင့်တပိုး ရောက်လာဦးမယ်။ ကျွန်တော့်နှလုံးသားကို ဆွဲရမ်းလှုပ်ခတ်ဦးမယ်။ နောက်တော့ ကျွန်တော့်ကို အလဲထိုး မြေပြင်မှာ ခွေလှဲချန်ရစ်ခဲ့စေဦးမယ်။ ဒီရက်တွေအတွက် တားဆီးနိုင်စွမ်း ကျွန်တော့်မှာမရှိ။ ပိတ်ပင်နိုင်စွမ်း ကျွန်တော့်မှာမရှိ။ ပြောင်းလဲနိုင်စွမ်း ကျွန်တော့်မှာမရှိ။ ရင်ဆိုင်ခြင်းလမ်းကလွဲရင် ကျွန်တော့်မှာ နတ္ထိ။ Fight or Fligh တဲ့။ ရင်ဆိုင်မလား ထွက်ပြေးမလားဆိုတဲ့ မေးခွန်းအတွက် ထွေးပြေးစရာ ထွက်ပေါက်ဆိုတာ ရှင်သန်ခြင်းကမ်းပါးအလွန်ဆီမှာ။

(နှစ်)

ထိုနေ့။ ကောင်းကင်က ရွှေအိုရောင်တွေနဲ့ စွန်းပေနေခဲ့တယ်။ နောက်ဘက်ထောင့်ချိုးဆီမှာတော့ မေးတင်နေတဲ့ နေတစ်စင်းက ၀န်းဝိုင်းဖြိုးမောက်နေခဲ့တယ်။ တောင်အရပ်ဆီက လေပြေတွေ တသုန်သုန်ခြွေချနေခဲ့တယ်။ ကျွန်တော်ရယ် သူမရယ် ပိတောက်ပင်ကြီးရယ် ရိုးစင်းတိတ်ဆိတ်စွာ။ သူမရဲ့ ဆံနွယ်ခက်တွေ လေအဝေ့မှာ လှုပ်ခတ်နေတယ်။ လေနတ်သားကြည်စယ်နေတာကို ကျွန်တော့်စိတ်ထဲ ကြိတ်ပြီးအူတိုနေခဲ့မိတယ်။ ကျွန်တော်နှင့်သူမ တိတ်ဆိတ်တဲ့ အသံတွေနားထောင်ကြည့်ရင်း ရင်ခုန်သံတွေနဲ့ ဖက်တွယ်ထားမိကြတယ်။ လေအေးလေးနဲ့အတူ သီချင်းသံသဲ့သဲ့ ရောပါလာတယ်။ ကျွန်တော်ပြုံးမိတယ်။ ရာသီစက်ဝန်းလက်တံ နွေကိုရွေ့ရင် အချက်ပေးသံက သင်္ကြန်သီချင်းရယ် ဥသြငှက်ငယ်ရယ်လေ။ သူမလည်း ကျွန်တော့်လိုပဲ ထင်ရဲ့။ လက်ခနဲ ပြုံးပြီးကျွန်တော့်ကို ကြည့်တယ်။ နောက်တော့ ကျွန်တော်ရယ် သူမရယ် သင်္ကြန်ဆိုတဲ့ စကားလုံးလေးပေါ် ရင်ခုန်သံတွေကို စကားလုံးလေးတွေအဖြစ် ကြဲပက်လိုက်ကြတယ်။

သူမဆိုတဲ့ သူမဟာ ကျွန်တော့်ရဲ့ နတ်မိမယ်လေးတစ်ပါးပေါ့။ တစ်ခါတစ်ခါမှာ ကျွန်တော်က ကလေးလေးလို့ ခေါ်ရလောက်အောင် သူမကျွန်တော့်အပေါ်မှာ နွဲ့ဆိုးဆိုးတတ်သလို ကျွန်တော့်အပေါ် ကောင်းစေချင်လို့ ပြင်စေ့ချင်တာလေးတွေ ပြောပြတဲ့အချိန် လေဒီလို့ ကျွန်တော်ခေါ်တဲ့အခါ သွားထပ်ကလေးပေါ်အောင် ပြုံးပြတတ်တဲ့ ချစ်စရာကောင်းသူလေးပေါ့။ ဆောင်းညနေခင်းတစ်ခုမှာ ကဗျာအိုလေးတစ်ပုဒ်ဖတ်ရွတ်သလိုပဲ နူးညံ့သိမ်မွေ့စွာ ကျွန်တော်သူမအပေါ် ချစ်နေမိတယ်။ သူမအပြုံးလေးတစ်ပွင့် ကျွန်တော့်ထံ လက်ခနဲဖြတ်ပြေးသွားရင် ကျွန်တော့်နှလုံးသားထက် ရေခဲမြစ်တစ်စင်း ဖြတ်စီးသွားသလို အေးခနဲ လှိုက်ခနဲ။ ကျွန်တော်ဆိုတဲ့ကောင် သူမမျက်နှာထက်က အလင်္ကာစတွေကြောင့် မိုးအကြိမ်ကြိမ်လင်းခဲ့တယ်။ ဘယ်တော့မှ ဘယ်လိုအကြောင်းမျိုးနဲ့မှ ဝေးမသွားနိုင် ခွဲမသွားနိုင်ဆိုတဲ့ အတွေးတွေနဲ့အတူ တစ်ယောက်ကိုတစ်ယောက် ယှက်နွယ်ထားရင်း ကျွန်တော်နဲ့သူမတို့ရဲ့ ရင်ခုန်သံ နိဒါန်းဦးဟာ ဆွတ်ပျံ့ဖို့ကောင်းနေခဲ့တယ်။

ဝင်းစိုအိနေတဲ့ညနေရဲ့ အခိုက်အတန့်လေးက လူငယ်ဆိုတဲ့ ခံစားချက်ရှေ့တန်းတင်တတ်လွန်းတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်တံခါးကို ခေါက်တယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ သင်္ကြန်ရဲ့ရသကို ရေတွေကြားမှာ တိုးဝှေ့ရှာဖွေချင်လာခဲ့တယ်။ စိုစိမ်းဝင့်နေတဲ့ မြင်ကွင်းတွေကြားမှာ ရေအေးတွေနဲ့ဆန့်ကျင်စွာပဲ ကျွန်တော်နဲ့သူမရဲ့အတွေးတွေ နွေးထွေးနေခဲ့တယ်။ ကျွန်တော်ရယ် သူမရယ် သူငယ်ချင်းတွေရယ် သိပ်လှတဲ့ သင်္ကြန်ရက်တွေရယ် ရေပန်းရေခွက်တွေနဲ့ အလှပြယာဉ်ကြီးတွေရယ်။ စိတ်ဆိုတဲ့အရာက ဆင်ရိုင်းတစ်ကောင်ပြောရမယ်ဆို ချွန်းဖွင့်လွှတ်လိုက်တာက သင်္ကြန်ဆိုတဲ့အရာပဲ။ အိပ်မက်တွေ စီချယ်တဲ့ ညနေတစ်ခုကိုလွန်မြောက်တော့ သူမနဲ့ကျွန်တော် သူငယ်ချင်းတွေနဲ့ တိုင်ပင်ရင်း ပျော်ရွှင်စရာ ရသပိုဒ်ကို ရေးကြတယ်။ မိုးပြာရောင်ဂျစ်ကားလေးရယ်၊ လည်ဖို့ပတ်ဖို့ ဆီအလုံအလောက်ရယ်က ကျွန်တော်တို့တစ်သိုက်ကို ရင်ခုန်သံမြန်စေခဲ့တယ်။ ဘာရယ်ကြောင့်တော့ မသိ သူမရဲ့လက်နွေးနွေးလေးကို ဖြစ်ညှစ်ပြီးဆုပ်ကိုင်ထားလိုက်တယ်။ ရင်ထဲမှာ ပျော်ရွှင်မှုမဟုတ်တဲ့ ခံစားချက်တစ်ခု ဘယ်ဆီဘယ်ဝယ်က ထိုးထောင်ထွက်ပေါ်လာတယ် မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီခံစားချက်ကို မသိခဲ့ဘူး။

လှချင်တိုင်းလှတယ်ဆိုတဲ့စကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီစကားလုံးလေးထက် ကျွန်တော့်ရဲ့သူမသိပ်လှနေခဲ့တယ်။ အကျနေ့မနက်စောစောပိုင်းမှာ အိပ်မက်ဦးက ပန်းတွေခင်းထားတယ်။ မနွမ်းအောင် ရေစွတ်ပြီးသိမ်းထားတဲ့ ပိတောက်ပန်းခက်တချို့ မွှေးအီနေတယ်။ သူမ ပန်းကြိုက်သူမဟုတ်ပေမယ့် ကျွန်တော်ပေးတဲ့ ပန်းတစ်ခက်ကို ဖွဖွလေးနမ်းတယ်။ ရင်ထဲရှိန်းမြပြီး လင်းသွားတယ်။ သူမရဲ့အလှတရားက မိုးဦးပန်းတစ်ပွင့်လို လတ်ဆတ်လွန်းနေတယ်။ ရေပိုက်တွေနဲ့ ပက်တဲ့အခါ သူမကျွန်တော့်ရင်ခွင်မှာ အကာအကွယ်ယူထားတယ်။ ရေသာမက ဘာကြီးဖြစ်နေပါစေ အဲဒီအချိန်မှာ ကျွန်တော်ကာကွယ်မိမှာပါပဲ။ ကျွန်တော်သိပ်ချစ်တဲ့သူကို ကာကွယ်ပေးနေတယ် ဆိုတဲ့ ရသက ဘယ်ဆီဘယ်ဝယ်ကနေ ကျွန်တော့်ရင်ဘတ်ထဲ စီးမျောပျော်ဝင်လာတယ် မသိဘူး။ ပီတိတွေနဲ့ ရင်တစ်ခုလုံး ပြည့်နေခဲ့တယ်။

(သုံး)

ဘယ်သူက ကြမ္မာဆိုးရဲ့ သားရဲတွင်းဝဆီ ကျွန်တော်တို့ကို မောင်းသွင်းလိုက်တာလဲဆိုတာကို ကျွန်တော်မသိပါ။ ခံစားချက်တွေနဲ့ ရုန်းကြွနေခဲ့တဲ့ နှလုံးသားတစ်စုံ ကြေကွဲခဲ့ရတဲ့ နေ့တစ်နေ့။ အလင်းတွေ ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဆိတ်သုဉ်းသွားတယ် မသိတဲ့ နေ့တစ်နေ့။ ကျွန်တော့်အမြင်အာရုံတွေ ပိန်းပိတ်အောင် အမှောင်ကျသွားမယ့်နေ့က ဘယ်အချိန်ကတည်းက ကျွန်တော့်ထံပါးကို တရွေ့ရွေ့ ချဉ်းကပ်လာခဲ့တာလဲဆိုတာ လုံးဝမသိခဲ့။ ဘာကြောင့်ရယ် အတက်နေ့ဆိုတဲ့ နေ့တစ်နေ့ကို ပညာကျော်တို့ ထည့်သွင်းခဲ့သည်ဆိုတာကိုလည်း ကျွန်တော်မသိ။ ဖြစ်နိုင်မယ်ဆိုရင် နောက်ဆုံးနေ့ ဆိုတဲ့ အတက်နေ့ကို ပြက္ခဒိန်မှာ ခြစ်ထုတ်ပစ်ချင်မိတယ်။ ကျွန်တော့်မှာ မသိခြင်းပေါင်းများစွာကို ခြွေချရင်း မငိုတတ်ပေမယ့် မျက်ရည်ကျခဲ့ရတယ်။ မမျှော်လင့်တဲ့ ဖြစ်ရပ်က ရိုက်နှက်ခဲ့လို့ ကွဲပြိုတဲ့ အိပ်မက်မှန်ကွဲစတွေ လမ်းပေါ်မှာ ဖွေးခနဲ။ ကျွန်တော့်ခြေဖ၀ါးတွေလည်း သွေးအလိမ်းလိမ်းနဲ့။

ဝုန်း ဆိုတဲ့ အသံကြီးက အဲဒီအချိန်က သိပ်မကျယ်လှဘူး ထင်မိပေမယ့် အတိတ်ကိုကျော်ဖြတ်လာချိန် ပစ္စုပ္ပန်မှာ တောလှဲသံလို ကမ္ဘာပျက်သလို အသံတစ်ခုအနေနဲ့ ရင်ထဲမှာ သိမ့်သိမ့်ခါခဲ့ရတယ်။ အဲဒီနောက် စူးခနဲအော်သံတွေ ကျွန်တော့်နားထဲပူလောင်စွာ စီးဝင်လာခဲ့တယ်။ နေ့လည်ဘက်ခဏနားပြီးတဲ့နောက် ကျွန်တော်တို့ကားလေး မဏ္ဍပ်တိုးဖို့အလာ လမ်းပေါ်မှာ။ သူမက ကျွန်တော့်ကို ကလေးတစ်ယောက်လို ဂျီကျရင်း ဂျစ်ကားအမိုးကိုင်းပေါ်ထိုင်နေခဲ့တယ်။ လမ်းမဘက်ဆီကို အရှိန်နဲ့ ထွက်လာတဲ့ကားတစ်စင်း ကျွန်တော်တို့ကားကို ဖြတ်အတိုက်။ အသံတွေ စီညံလို့။ ချာခနဲလည်ထွက်သွားတဲ့ အသိနဲ့အထိ။ မှောင်ကျသွားတဲ့ ခဏ။

သက်ပြင်းချသံ အတိုင်းသားကြားရလောက်အောင် အခန်းငယ်လေး ဆိတ်ငြိမ်နေခဲ့တယ်။ ဘယ်အတွက်ကြောင့် ဆူညံသံတွေ ဝေးကွာခဲ့သည်ကို ကျွန်တော်မမှတ်မိ။ မီးစထက်ပူတဲ့ရာတစ်ခု နားကနေတဆင့် ရင်ဘတ်ထဲကို စကားလုံးတွေနဲ့ ရိုက်သွင်းဝင်ရောက်လာခဲ့တယ်။ ဘယ်လိုမှ မထင်မှတ်သော မမျှော်လင့်သောစကားတစ်ခု။ ကျွန်တော့်နှလုံးသား ကြွေမွ၊ ကျွန်တော့်အတွေးတွေ ပျက်သုဉ်း၊ ကျွန်တော့်သိစိတ်တွေ ဆောက်တည်မရ၊ ကျွန်တော့်မျက်ဝန်းအိမ်က တမံကျိုးကျ၊ ကျွန်တော် လောကသိနဲ့ အဆက်အသွယ်ပြတ်တောက်၊ အရာရာအားလုံး အမှောင်ကျသွား။

သူမ..

မ .. ရှိ.. … တော့ .. … …။

(နိဂုံး)

ပိတောက်ပင်ပျို စိမ်းဖန့်ကာ လောကကို ကြွားဝင့်ချီနေတုန်း။ ပိတောက်ပင်နဲ့ ကျွန်တော်နဲ့ သူမနဲ့ ဆက်စပ်နေခဲ့တာတွေ ကျွန်တော့်စိတ်မှာ အမြစ်တွယ်နေခဲ့တယ်။ ဘယ်တော့မှာ ဆွဲနှုတ်လို့ ရမှာမဟုတ်။ သင်္ကြန်ရောက်တိုင်း၊ ပိတောက်ပန်းနဲ့ ပိတောက်ခက်တွေမြင်လေတိုင်း၊ ပြက္ခဒိန်စာရွက်ရဲ့ အနီရောင်စာလုံးတွေ သွေးစွန်းသော လှောင်ရယ်မှုတွေနဲ့အတူ မြင်ယောင်ရင်း သူမနဲ့ ကျွန်တော် အတူတူထိုင်ခဲ့တဲ့ ခုံတန်းဖြူဖြူလေးကို ကျွန်တော်ငေးရီနေခဲ့တယ်။ နေ၀င်စောလိုက်တာ။

ညီမင်းစံ

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Mar 28 2009

လူနဲ့ ပုံပြင်

(၁)

ပြောရမှာ တော်တော်ခက်ပါတယ်..။ ခက်တဲ့အကြောင်းလည်း ဟုတ်မနေပြန်ပါဘူး..။ ဒါပေမယ့် ခက်တာတော့ ခက်နေတုန်းပါပဲ..။ ကျွန်တော့်မှာ ဦးလေးတစ်ယောက်ရှိပါတယ်..။ ဘုကန့်လန့်ဖြစ်တဲ့အတွက် သူ့ကို ဘယ်သူမှ မတည့်ပါ..။ မိသားစုထဲမှာလည်း တည့်တဲ့သူ သိပ်မရှိပါ..။

ကျွန်တော် ဘုကန့်လန့်မဟုတ်ပါ..။ ဟိုးဝပ်ဂါဒနာက လူမှာ ဥာဏ်(၇)မျိုးရှိတယ်လို့ ပြောပါတယ်..။ အဲဒီအထဲက နံပါတ်(၆)က ကျွန်တော်နဲ့ ကိုက်ညီပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လူတိုင်းကို တည့်အောင်ပေါင်းပြီး စုစည်းဆက်စပ်ပေးတတ်လို့ ဖြစ်ပါတယ်..။ တော်တော်များများကလည်း အဲဒီအတိုင်း ပြောပါတယ်..။ လူတိုင်းကို တည့်အောင်ပေါင်းတတ်တယ်ဆိုတာ နားလည်ပေးတတ်တာ ဖြစ်ပါလိမ့်မယ်..။ တစ်နည်းအားဖြင့်တော့ Inter personal Intelligence ပေါ့..။

(၂)

တစ်ခါတလေ အဲဒီလိုတွေးထား လက်ခံထားတာ ဟုတ်မှဟုတ်ပါ့မလားလို့ ဇဝေဇ၀ါဖြစ်ရပါတယ်..။ ကျွန်တော်ပြောချင်တာက ကျွန်တော့်ဦးလေးအကြောင်းပါ..။ ထုံးစံအတိုင်း လူ့ဘုကန့်လန့်ဖြစ်တဲ့ ကျွန်တော့်ဦးလေးအကြောင်း ဖြစ်ပါတယ်..။ သူက လူပျိုကြီးဖြစ်ပါတယ်..။ လူပျိုကြီးဆိုတဲ့ စာလုံးပေါင်းကို (ယပင့်)နဲ့ ပျိုပါတယ်..။ သူ့ကို ရယစ်နဲ့ သွား ပြို လျှင် ကျွန်တော်မကောင်းဖြစ်ရပါဦးမယ်..။ သေချာတာကတော့ သူဟာ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်..။ အဖေ့ညီဖြစ်တဲ့သူဟာ အဖေနဲ့လည်း သိပ်မတည့်ပြန်ပါဘူး..။ လူပျိုကြီးများရဲ့ ၀သီအတိုင်းပဲ ကွမ်းယာဆိုင်မှာ လေပေါလိုက် လက်ဖက်ရည်ဆိုင်မှာ စကားဖောင်ဖွဲ့လိုက် လုပ်နေပါတယ်..။

သူဟာ လူ့ဘုကန့်လန့်ဖြစ်ကြောင်း ကျွန်တော်ပြောထားပြီးပါပြီ။ သူ့စကားတွေကို နားထောင်ဖို့ထက် သူကျွေးသော ကွမ်းယာ သူတိုက်သော လက်ဖက်ရည်ကြောင့် သူ့နားမှာ အနည်းအကျဉ်းသောသူတို့ အချိန်ခဏတာမျှရှိတတ်ပါတယ်..။ ထိုအခါက လွန်သွားရင် ဒါမှမဟုတ် သူတစ်ယောက်တည်းဖြစ်နေတတ်ရင် ကျွန်တော့်ဆီရောက်လာတတ်ပါတယ်..။

ကျွန်တော်စာတချို့ဖတ်ပါတယ်..။ ဖတ်မိတဲ့စာတွေကိုလည်း သူ့ကိုပြောပြတတ်ပါတယ်..။ ထုံးစံအတိုင်း သူလက်ခံခဲပါတယ်..။ မင်းဖတ်ထားတာတွေကလည်းကွာ ဆိုပြီး ကျွန်တော်ဖတ်သော စာအုပ်များကို သူ့ပေတံနဲ့ တိုင်းပါတယ်..။ ကျွန်တော်ဘာမှမပြောပါ..။ သူ့ကို ဒီအတိုင်းပဲ ရယ်ပြီးကြည့်နေတတ်ပါတယ်..။

အဖွားက သူ့ကို မိန်းမယူဖို့ပြောလာရင် သူအပြင်ကို ထွက်သွားတတ်ပါတယ်..။ မိန်းမတစ်ယောက်ယူဖို့ သာမန်မိန်းမတစ်ယောက်ကို မလိုချင်ပါဘူးလို့ ကျွန်တော့်ကို ပြောပြဖူးပါတယ်..။ ပြည့်ဝတဲ့ မိန်းမကိုသာ သူယူလိုကြောင်း ကျွန်တော့်ကို ပြောပြတတ်ပါတယ်..။ ခက်နေတာက ပြည့်ဝတဲ့ မိန်းမဆိုတာ ဘယ်လိုဘယ်ညာမှန်း ကျွန်တော်ကောင်းကောင်းမသိခြင်း ဖြစ်ပါတယ်..။ ကျွန်တော်ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးပါတယ်..။ ပြည့်ဝတဲ့ မိန်းမကို လိုက်ရှာတဲ့သူတစ်ယောက်အကြောင်း ဖြစ်ပါတယ်..။

(၃)

ပုံပြင်ဟာ ပုံပြင်ပါပဲ..။ အဖြစ်အပျက်တွေ အမှန်အတိုင်းဟုတ်မနေတတ်ပါဘူး..။ ဒါကြောင့် ပုံပြင်ဆိုတဲ့ စကားကို သုံးထားတာပါ..။ ကျွန်တော်အမှန်အတိုင်းပြောပါတယ်..။ ပုံပြင်ဆိုတဲ့စကားကိုလည်း ထည့်ပြောပါတယ်..။ သူ့ကိုပြောပြတော့ ပုံပြင်ဆိုတာကို သူလက်ခံပါတယ်..။ ပုံပြင်အဆုံးသပ်ထိ သူနားထောင်ပါသေးတယ်..။

တစ်ခါက လူတစ်ယောက်ဟာ ပြည့်ဝတဲ့မိန်းမတစ်ယောက်ကို လိုက်ရှာပါတယ်..။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုချင်လို့ပါ..။ သူဟာ နေရပ်ကနေ စွန့်ခွာပြီး တစ်နေရာကနေ တစ်နေရာ တစ်မြို့နဲ့တစ်မြို့ကိုကူးရင်း ပြည့်ဝတဲ့မိန်းမတစ်ယောက်ကို ကြင်ဖက်အဖြစ်ပေါင်းသင်းဖို့ လိုက်လံရှာဖွေသတဲ့..။ မြို့တစ်မြို့ကိုရောက်တော့ မိန်းမတစ်ယောက်ကို တွေ့ပါတယ်..။ ရုပ်ရည်ချောမောပြီး ပစ္စည်းဥစ္စာရှိပေမယ့် အတွေးအခေါ်သိပ်မရှိဘူးဆိုပြီး နောက်တစ်မြို့ကို ထွက်ခွာသွားပါတယ်..။

ဒုတိယမြို့မှာ မိန်းမတစ်ယောက်နဲ့ ထပ်တွေ့ပြန်ပါတယ်..။ အဲဒီမိန်းမကတော့ ပစ္စည်းဥစ္စာရှိပြီး ဥာဏ်ပညာထက်မြက်ပါတယ်..။ ဒါပေမယ့် ရုပ်မချောတဲ့အတွက် တတိယမြို့ကို ဆက်လက်ထွက်ခွာသွားပြန်ပါတယ်..။

သူမမျှော်လင့်ဘဲ မိန်းမတစ်ယောက်နဲ့ တွေ့ပါတယ်..။ ရုပ်ရည်ချောမောပါတယ်..။ ပြောစရာမရှိပါဘူး..။ ပစ္စည်းဥစ္စာလည်း ကြွယ်ဝပါတယ်..။ သူမျှော်လင့်ထားတာထက်တောင် ပိုနေပါသေးတယ်..။ ပညာလည်းရှိပါတယ်..။ အတွေးအခေါ်လည်း ကောင်းပါတယ်..။ ဒါပေမယ့် အဲဒီမိန်းမကို သူမရခဲ့ပါဘူး..။ ဘာကြောင့်လဲဆိုတော့ အဲဒီမိန်းမက ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကို ရှာနေတဲ့သူဆိုပဲ..။

ပုံပြင်လေးက ဒါပါပဲကွယ်လို့ ပြောမလို့ သူ့ကိုကြည့်တော့ နီရဲနေပြီဖြစ်တဲ့ သူ့မျက်နှာကို မြင်လိုက်ရပါတယ်..။ တရုတ်ကြီး ငရုတ်သီးစပ်သလို ရှူးရှူးရှားရှားလည်း ဖြစ်နေပြန်ပါတယ်..။ ကျွန်တော့်ကိုလည်း ဘာပြောချင်မှန်းမသိ.. မင်း .. မင်း.. .. ဆိုတာသာ ကြားရပြီး ဘာသံမှ ဆက်ထွက်မလာပါဘူး..။

(၄)

လူပျိုကြီးတွေ အူကြောင်ကြောင်နိုင်စွာနဲ့ ကျွန်တော်ပြောတာကို တည့်တည့်မတွေးကြပြန်ပါဘူး..။ သူတို့ကို ဘယ်လိုနားလည်အောင် ရှင်းပြရမလဲဆိုတာ ကျွန်တော်မပြောပြတတ်တော့ပါဘူး..။ သေချာတာကတော့ သူနဲ့ကျွန်တော်နဲ့ နောက်ထပ်မျက်နှာချင်းမဆိုင်ဖြစ်တော့တာပါပဲ..။

ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီမှာပဲရပ်တန့်ခဲ့ဖို့ သင့်ပါတယ်..။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်လာတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ..။ ကျွန်တော့်ဦးလေး မိန်းမယူဖြစ်ခဲ့ပါတယ်..။ ဘာရယ်ညာရယ် ကျွန်တော်မမေးဖြစ်ခဲ့ပါဘူး..။ သူယူမယ့်အမျိုးသမီးပြည့်ဝဖို့လား သူပြည့်ဝတာလားဆိုတာလည်း ကျွန်တော်မသိချင် မမေးချင်တော့ပါဘူး..။ နောက်ဆုံးတော့လည်း ဖြဲစပ်ဖြဲစပ်နဲ့ မိန်းမဆိုတာ မိန်းမပေါ့ကွာဆိုတဲ့ ဘာကိုရည်ရွယ်ပြီးပြောမှန်းမသိ ပြောသွားခဲ့ပါတယ်..။

ညီမင်းစံ

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Mar 22 2009

Chindwin Events in Engineering Exhibition

This is the firs engineering exhibition in Mandalay by MES (Myanmar Engineering Society). Our college, Chindwin, got a room and present about our students’ project and advertise our service and introduce our programme for engineering diplomas. I arrive and stay at there and have chance to take photos for documantery diary about events of Chindwin. I wold like to share photos on the net for visitors.

The opening ceremoney

e-ex-1

Continue reading

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Mar 21 2009

Entering the V World

ဝိုင်ဖိုင် သုံးပြီး ပြပွဲမှာ မေးလ်ပို့နေတဲ့ကောင်မလေးတစ်ယောက်ကို ရိုက်ထားတာ..။ virtual world ကို ၀င်ဖို့ လက်နှစ်ဖက်ပဲ လိုတယ်..။

computer_user

VN:F [1.8.8_1072]
Rating: 9.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Mar 20 2009

Present for my sweety

ချစ်သူအတွက် ပေးခဲ့ဖူးတဲ့ လက်ဆောင်လေးပါ..။ ဒီအရုပ်ကလေး သူ့ဆီမှာ အကောင်းအတိုင်းရှိနေသေးတယ် ဆိုရဲ့..။ :)

present1

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark