Feb 24 2009

မင်္ဂလာပါ

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်..။ ကျွန်တော် ညီမင်းစံပါ..။ ကျွန်တော့်မှာ အရင်က ဘလော့ရှိခဲ့ပါတယ်..။ blog.freeinmind.net နဲ့ bagannat.blogspot.com ဆိုတဲ့ နာမည်နဲ့ ၂ ခုလုပ်ထားပါတယ်..။ blog.freeinmind.net ကိုတော့ ကျွန်တော့်ကိုယ်ပိုင်ဒိုမိန်း register လုပ်ပြီး ၀ယ်ထားပါတယ်..။ နောက်တော့ ကျွန်တော် ၀ါသနာပါတာလေးတွေလုပ်ရင်း ဝေမျှပေးဖို့ ကြိုးစားခဲ့ပါတယ်..။ ကျွန်တော် ကံကောင်းတဲ့ လူစားထဲမှာ မပါပါဘူး..။ ကျွန်တော်လုပ်လိုက်မယ် ကြံရင် တစ်ခုမဟုတ် တစ်ခုနဲ့ အဖျက်ကြုံရတတ်ပါတယ်..။ freeinmind.net ကို ကျွန်တော် စပြီးလုပ်တော့ အခက်အခဲတွေရှိပါတယ်…။ အဲဒီအခက်အခဲတွေကို ဖြတ်သန်းရင်း တည်ငြိမ်လာတဲ့အခါ အရှိန်ရလာတဲ့အခါမှ မထင်မှတ်တာတွေ ဖြစ်လာပြန်ပါတယ်..။ ကျွန်တော် hosting ၀ယ်ထားတဲ့ company က မြန်မာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဆက်ရောင်းပေးလို့ မဖြစ်တော့ပါဘူးလို့ ဆိုလာပါတယ်..။ ၀မ်းနည်းစွာနဲ့ ကျွန်တော် ရပ်ဆိုင်းလိုက်ရပါတယ်..။ ကျွန်တော့်သူငယ်ချင်း မျိုးကျော်ထွန်းကို အကူအညီတောင်းပြီး nyiminsan.com ကို register ပြန်လုပ်ဖို့ အပူကပ်ရပါတယ်..။

ကျွန်တော် ငွေကြေးတတ်နိုင်လို့ ဒီအလုပ်တွေ လုပ်နေတာမဟုတ်ပါဘူး..။ ကျွန်တော့်အနေနဲ့ ဖြစ်ညှစ်ပြီးဇွတ်လုပ်နေရတာမျိုးပါ..။ ကျွန်တော် ၀ါသနာပါလွန်းလို့ လုပ်နေတယ်လို့ ပြောလို့ရပါတယ်..။ ညီမင်းစံ ဆိုတဲ့ နာမည်ကို ကျွန်တော့်ကလောင်နာမည်အနေနဲ့ သုံးပါတယ်..။ နာမည်အရင်း မဟုတ်ပါဘူး..။ ကျွန်တော် စာတိုပေစလေးတွေရေးဖို့ ၀ါသနာထုံသလို ဓါတ်ပုံလေးတွေရိုက်ဖို့လည်း ၀ါသနာပါတတ်ပါတယ်..။ စာအနည်းအကျဉ်း ဖတ်တဲ့အတွက် လက်လှမ်းမှီရာစာအုပ်ကလေးတွေဆီကနေ အညွှန်းပေးတတ်ပြန်ပါသေးတယ်..။ ကျွန်တော့်ဝါသနာပေါ့ဗျာ..။ ဒီဝါသနာက ငွေတော့ အတော်ကုန်ပါတယ်..။ ပုံမှန်ဝင်ငွေမရှိတဲ့ ကျွန်တော့်မှာ အခြေအနေပေးသလို လုပ်နေရပြန်တယ်..။ လောကကြီးမှာ နေထိုင်နေရတုန်း ရှင်သန်နေရတုန်း ကိုယ်ဝါသနာပါတာလေးတွေ လုပ်နေရတာကိုက ကြည်နူးစရာမဟုတ်လား..။ မဟုတ်ရင် ဘယ်လိုလုပ် နေပျော်မလဲဗျာ..။

ဒီဘလော့ကလေးမှာ အားနည်းချက်တွေရှိပါမယ်..။ ကျွန်တော့်အွန်လိုင်း ညီအစ်ကိုမောင်နှမများ ထောက်ပြဝေဖန်ပေးနိုင်ပါတယ်..။ လေးနက်စွာ ခံယူရင်း အတူတကွ ဆက်လက်ချီတက်ချင်ပါတယ်…။ အားလုံးကို ကျေးဇူးပါဗျား..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Feb 7 2009

Diary 7-02-09

အဆင်မပြေတာတွေ တောက်လျှောက်တွေ့လာရင် လူက ပင်ပန်းလာတယ်..။ ခံနိုင်ရည် သိပ်မရှိတော့ဘူးပေါ့..။ ဒါပေမယ့် အကြောင်းအရာတွေ ခေါင်းထဲမှာ ပြွတ်သိပ်ထည့်ထားရင်း ကိုယ့်ပန်းတိုင်က ကိုယ်နဲ့ တဖြည်းဖြည်းဝေးသွားသလို ခံစားရတယ်..။ ဓါတ်ပုံ ရိုက်ပေမယ့် ရိုက်ချင်စိတ်မရှိ..။ စာတွေဖတ်ပေမယ့်လည်း အကုန်လုံးထိုင်ဖတ်နိုင်လောက်အောင် ပြည့်ပြည့်၀၀ အာရုံစူးစိုက်နိုင်စွမ်းမရှိ..။ လိုနေတာတွေ ပိုနေတာတွေ မရှင်းတာတွေရဲ့ အလယ်မှာ ကိုယ်ကိုယ်တိုင်ငုတ်တုတ်ထိုင်နေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိတော့ဘူး..။ အေးလေ..။ တချို့အရာတွေ မေ့သင့်တယ်..။ တချို့အရာတွေ အားယူပြီး ပြန်ကြိုးစားသင့်တယ်..။ တချို့အရာတွေကြုံလာရင် ငြိမ်သင့် ငြိမ်နေ လှုပ်သင့်လှုပ်နေ..။ သြော်..။ လောကနဲ့အတူ လိုက်ကနေရတဲ့ ငါလည်း သူမာယာများသလို ငါလည်း ထွေပြားရှုပ်ထွေးနေရတယ်..။

မနက်လင်းကတည်းက အိပ်ရေးမ၀ဘူး ခံစားချက်က ရင်ဘတ်ထဲကော ဦးနှောက်ထဲပါ မကြည်မလင်ဖြစ်နေတယ်..။ေ၀၀ါးနေလိုက်တာ..။ လောကကြီးကလည်း အလျင်မမှီနိုင်လောက်အောင် ပြေးနေတယ်..။ လူငယ်တွေ.. သူတို့တွေ တက်လမ်းတွေပျောက် မျက်ကန်းတွေ ဖြစ်နေလိုက်တာ အရာအထောင်..။ နောက် အနာဂါတ်ဆိုတာ နောက်လာမယ့် တိုင်းပြည်ရဲ့ အနာဂါတ်ဆိုတာ သူတို့တွေလက်မှာ ဘာတွေဖြစ်လာဦးမလဲ..။

လုပ်ရမှာတွေ သိပ်များတယ်..။ အချိန်တွေ ဘာမှမကျန်ဘူး..။ ပညာတတ်လူတန်းစားဆိုတာ ကွယ်ပျောက်သလောက် ဖြစ်လာပြီ..။ သိပ်များပါတယ် သိပ်ပေါပါတယ်ဆိုတဲ့ သတင်းနဲ့နည်းပညာခေတ်ကြီးမှာ လင်းလွန်းပြီး မမြင်နိုင်အောင် မျက်လုံးတွေမှိတ်ထားကုန်ကျပြီလား မပြောတတ်တော့ဘူး..။ computer နည်းပညာနဲ့ မဟာဘွဲ့ယူတယ်..။ နောက်တော့ thesis တွေ ငွေပေးပြီး အပြင်မှာအပ်တယ်..။ သင်ယူရတဲ့ ဘာသာရပ်တွေကိုမှ အားမနာ လုပ်လည်း လုပ်ကြတယ်..။ သူငယ်ချင်းတွေနဲ့ စုံတိုင်း ပြောဖြစ်တာက ဒီခေတ်ကြီးထဲ စာသင်တာ အယောက် ၁၀၀ မှာ ၁၁၀ မတတ်တော့ဘူး..။ ၁၀ ယောက်ပိုနေတာက သင်တဲ့ ဆရာ ဆရာမတွေပါ မတတ်တော့တာ..။

မလေးစားတာ မဟုတ်ပါဘူး..။ သင်တဲ့ဆရာတွေ ဆရာမတွေကို လေးစားပါတယ်..။ ဒါပေမယ့် ဖြစ်နေတဲ့ အတိုင်းအတာတွေ အဖြစ်အပျက်တွေက လက်ခံချင်စရာမကောင်းပါဘူး..။ ငွေကို သိပ်စကားပြောလွန်းပြီး အရာမထင်တဲ့ သင်ကြားမှုတွေကိုပဲ တွေ့နေရတော့ ကျွန်တော့်အနေနဲ့ မနှစ်မြို့နိုင်ပါဘူး..။ ကျွန်တော်အခု အသက် ၂၃ ရှိပါပြီ..။ ၂၄ ကိုရောက်ပါပြီ..။ ဒီအသက်အရွယ်ထိ ကိုယ့်ကိုယ်ကိုယ် စောက်သုံးမကျတဲ့ ကောင်တစ်ကောင်လို့ပဲ ထင်နေတုန်းပဲ ရှိပါသေးတယ.်.။ Trigonometry သင်္ခန်းစာနဲ့ circular theorem ကို ကျွန်တော် မနှစ်ကမှ ကောင်းကောင်းသဘောပေါက်ပါတယ်..။ ကျွန်တော်ရှက်ပါတယ်..။ ဒါပေမယ့် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရဲပါတယ်..။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ပညသင်နှစ်တွေမှာ ကျွန်တော် ပညာမရှာခဲ့ မသင်ယူခဲ့ပါဘူး..။ အတန်းအောင်အောင် ကြိုးစားအားထုတ်ရင်းသာ ကျောင်းသားဘ၀ကို ဖြတ်သန်းလာရပါတယ်..။

အချိန်တွေ သိပ်နှမြောစရာကောင်းသလို ကိုယ်ဆက်လုပ်ဖို့ အချိန်တွေ သိပ်မကျန်သလိုခံစားနေရတယ်..။ လက်ရှိ ကျွန်တော်လုပ်နေတာတွေနဲ့ ကျွန်တော်မလုံလောက်ပါဘူး..။ ဒီခေတ်မှာ ငွေနောက်လိုက်ပြီး ငွေကျွန်ဖြစ်သွားရင်းနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တာတွေအတွက် မျှော်လင့်ရင်းနဲ့ အသက်သေသွားတာ ဘယ်နှယောက်ရှိပြီလဲဆိုတာကျွန်တော် မတွေးတတ်တော့ပါဘူး..။

ကျွန်တော်တို့ ၂၀၀၁ ဘတ်ခ်ျဆယ်တန်းအောင်တော့ ဆေးကျောင်းကို အယောက် ၉၈၀ ကျော် ၀င်ပါတယ်..။ အဲဒီထဲက ကျွန်တော့်သူငယ်ချင်းတွေချည့်ပဲ မနည်းပါဘူး..။ ဒီကောင်တွေထဲကနေ အားလုံးဝိုင်းပြီး ထူးချွန်တယ်လို့ ပြောလို့ရတဲ့ ပညာတတ်တယ် တော်တယ်ဆိုတဲ့သူ (စာတတ်တာ မဟုတ်ဘူး) လက်ချိုးရေတာ လက်နှစ်ဘက် မပြည့်ပါဘူး..။ ကွန်ပျူတာ တက္ကသိုလ်လို နေရာမျိုး နည်းပညာတက္ကသိုလ်လို နေရာမျိုးတွေမှာ ပိုဆိုးပါတယ်..။ မဟာဘွဲတွေ ဘွဲ့လွန်တွေ ယူနေကြပြီး ကိုယ်ကိုယ်တိုင် program တစ်ပုဒ် ဖြစ်အောင် မရေးတတ်ကြတာ အဲဒီသူတွေ သင်မယ့် တပည့်တွေနဲ့ အနာဂါတ်တိုင်းပြည်က ရင်လေးစရာကောင်းနေပါတယ်..။

ကျွန်တော်တစ်ယောက်တည်းနဲ့ မရပါ..။ အားလုံးဝိုင်းကြိုးစား ၀ိုင်းပြုပြင်မှ ဖြစ်မှာပါ..။ အွန်လိုင်းဆိုတာကို ကျူဖို့လောက် မြင်တော့တဲ့ ကျွန်တော်တို့မြန်မာလူငယ်တွေ မျက်လုံးဖွင့်သင့်ပါပြီ..။ လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ နည်းပညာအကိုးအကားတွေအတွက် ပြင်ဆင်သင့်ပါပြီ..။ ကိုယ့်ဒူးကိုယ်ချွန် ပညာတတ်တွေ ပေါ်ထွက်လာပြီး တစ်ယောက်ကနေ နှစ်ယောက် နှစ်ယောက်ကနေ လေးယောက် အဲဒီကနေ အစုအစီးလိုက် နောက်တော့ ထူးချွန်တဲ့ ပညာတတ်လူငယ်တွေ ထွက်ပေါ်လာမှသာ ကျွန်တော်တို့ရဲ့ရုန်းထွက်နိုင်စွမ်းတွေ ခံနိုင်ရည်အားတွေ တက်လာမယ်သုံးသပ်မိပါတယ်..။ အချိန်တွေ သိပ်မကျန်တော့ဘူးဆိုတာ ထပ်လောင်းပြောချင်မိတယ်..။

အသက်ရှူတွေ သိပ်ကြပ်တယ်ဗျာ..။ လေတွေ မလတ်ဆတ်ဘူး..။ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုသလို ဖြစ်တော့မလားပဲ..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark