Aug 26 2007

နတ်နဲ့ မြန်မာ့သမိုင်း

မြန်မာတွေ ဗုဒ္ဓဘာသာဝင်မဖြစ်ခင်က နတ်ကိုးကွယ်မှုသမိုင်း စတယ်..။ ဘာလုပ်လုပ် နတ်ကိုရှေ့တန်းထားပြီး စဉ်းစားမယ်..။ ဆောင်ရွက်မယ်..။ ဒီတော့ ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့အခါမှာ သူတို့ရဲ့အနေအထိုင် အလေ့အကျင့်က အရင်ကနဲ့မတူဘူးလို့ မပြောနိုင်ပေမယ့် နည်းနည်းတော့ ကွဲလာမယ်..။ မြန်မာနိုင်ငံ မြေပြန့်ရောက်ပြီး ဗုဒ္ဓဘာသာဝင် မဖြစ်ခင်ကတည်းက ပုံပြင်၊ စကားပုံ၊ စကားထာ၊ ရိုးရာဓလေ့တွေမှာ နတ်တွေရဲ့ အရိပ်အငွေ့ယှက်သန်းနေတယ်..။ ပုဂံခေတ်သမိုင်း အမျိုးမျိုးပြောကြတဲ့ အထဲမှာ နတ်တွေကို နှိပ်ကွပ်ဖျက်စီးတယ်ဆိုတာ မတွေ့ရဘူး..။

ပုဂံနတ်လှောင်ကျောင်းကို အနော်ရထာ စီမံပြီး နတ်ရုပ်တွေကြိမ်နဲ့ရိုက် တိုက်ပိတ်တယ်လို့ ဖတ်ဖူးမှတ်ဖူးပေမယ့် နောက်ပိုင်း အနော်ရထာကိုယ်တိုင် မင်းကြီးမင်းလေး နေရာပေးတာမျိုး လုပ်လာတဲ့အခါကျတော့ နည်းနည်းဒွိဟဖြစ်လာတယ်.။ ဒီတော့ ပုဂံခေတ်ကတည်းက နတ်ကိစ္စကိုအပြတ်မရှင်းခဲ့ဘူး၊ အပြောင်မရှင်းခဲ့ဘူး ဆိုတဲ့ သဲလွန်စကောက်မိတယ်..။ ဒါနဲ့ ဒီနတ်တွေ ခုခေတ်အထိပါလာတယ်..။

ငါးပါးသီလယူ၊ ရှစ်ပါးသီလ ယူပေမယ့် တကယ့်အလုပ်တွေ တံငါတို့ မုဆိုးတို့ဆိုရင် တံငါသည်တစ်ယောက် နတ်ကိုးပြီးလုပ်သလို မုဆိုးတစ်ယောက်လည်း နတ်ကိုးပြီးလုပ်တယ်..။ ဒီတော့ သူတို့ဟာသူတို့တော့ Ambivalence ဖြစ်အောင်ညှိနေပုံရတယ်..။ နတ်ဆိုတာက ယုံတဲ့သူအတွက် မ တာတွေ ကိုင် တာတွေ ရှိတယ်ဆိုပြီး မပူဇော်ပဲလည်း မနေရဲဘူး..။

နတ်ကို ဒေသအလိုက် လုပ်ငန်းအလိုက် နာမည်တပ်ပြီး ကိုးရတော့ နတ်တွေအကြောင်း ဘယ်နတ်ကဘာ.. ဘယ်နတ်က ဘယ်တုန်းကပေါ်တယ်.. ဆိုပြီး ပါးစပ်ရာဇ၀င်နဲ့ မှတ်မိကြတယ်..။ နတ်ဆိုတာက ဘယ်က စဖြစ်သလဲဆိုတော့ လူ့ဘ၀မှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ စွမ်းတဲ့သူက အစိမ်းသေတော့ နတ်ဖြစ်ရော..။ နတ်ဝင်သည်ကနေ သူဘာလိုချင်တယ်ပြောတယ်..။ အဲဒါကို လုပ်ပေးရတယ်..။

လူဆိုတာမျိုးက သူ့ပစ္စည်း သူ့ပိုင်ဆိုင်မှုကို အလကားမပေးချင်ဘူး..။ တစ်ခုခုပေးလိုက်ရင် တစ်ခုခုလိုချင်တယ်..။ ဒီတော့ နတ်ကတောင်းတာ ပေးလိုက်တော့ နတ်ဆီက ပြန်တောင်းတယ်..။ ဒီလိုပေးတဲ့အတွက် ဘာတွေလုပ်ပေးပါ ညာတွေလုပ်ပေးပါ ဆိုပြီးတော့..။ ဒီကနေ နတ်နဲ့လူနဲ့ကြား အပေးအယူကိစ္စပေါ်လာတော့တယ်..။ နတ်ကိစ္စက အတော်ရှုပ်တယ်..။ နတ်တွေကလည်း အတော်ရှုပ်တယ်..။

ညီအစ်ကိုနှစ်ကောင် အဖေ့အရိုက်အရာ အကြီးအကဲရာထူး လုရာကနေ ညီက လိမ်ညာပြီးအနိုင်ယူတယ်..။ (ကံရာဇာငယ်ဖြစ်)။ လူစွမ်းကောင်းကြောက်လို့ မီးရှို့သတ်ရာကနေ မောင်တင့်တယ်ဖြစ်လာတယ်..။ အမဲလိုက်ရင်း နေရပ်နဲ့ ဝေးတဲ့နေရာရောက်သွားလို့ နေတဲ့နေရာကို မပြန်တော့ဘဲ အခြေအနေသစ်တည်ထောင်ရင်းကနေ ဗပေဒူတဖြစ်တယ်..။ တောနေရသေ့က မိန်းကလေးငယ်တစ်ယောက် မွေးစားတာက ဗေဒါရီ။ စကားသုံးခွန်းနဲ့ ဘုရင်ဖြစ်တဲ့ မောင်ပေါက်ကြိုင်း(သွားပါများ ခရီးရောက်၊ မေးပါများ စကားရ၊ မအိပ်မနေ အသက်ရှည်)။ မျက်ကန်းညီအစ်ကို ဖောင်နဲ့မျှောလွှတ်ရာက မျက်စေ့ပြန်မြင်ရာကနေ မြို့ရွာတည် (မဟာသမ္ဘ၀၊ စူဠာသမ္ဘ၀)ဖြစ်တယ်..။ နတ်တွေနဂါးတွေ ပသပြီး မြို့ရွာတည် (ဒွတ္ထဘောင်မင်း) ဖြစ်တယ်..။ မိန်းမအကြီးအကဲကို ယောက်ျားအကြီးအကဲက တိုက်ခိုင်သိမ်းပိုက်တာ မကျေနပ် ဆေးစီရင် လက်စားချေ (ပန်ထွာမင်းသမီး)။ အုပ်ချုပ်သူတွေ အကျင့်ပျက်လွန်းလို့ လူတွေအထိတ်တလန့် နေရစဉ် ကောလဟာလကြောင့် မြို့ပျက် (သုပညာနဂရစိန္ဒလက်ထက် သရေခေတ္တရာ)၊ ရန်သူလေးမျိုးကြောင့် မြို့ရွာမကြီးပွား (သမုဒ္ဓရာဇ်လက်ထက် ပုဂံ)။

နတ်နဲ့ပတ်သတ်တဲ့ပုံပြင်တွေပါ..။ နတ်တွေကိစ္စက အခုနောက်ပိုင်းအထိ ပြန်ပါလာလိုက်တာ သစ်ပင်ကို ရုက္ခစိုးရှိတယ်..။ ပူဇော်ရတယ်..။ အမျှဝေရင် တောစောင့်နတ် တောင်စောင့်နတ်တွေပါ အမျှဝေရတယ်..။ စသည်ဖြင့်ပေါ့..။ အိမ်မှာရှိတဲ့ လူတစ်ယောက် ဆေးရုံတက်ရင် ခေါစာပစ်တာ၊ ဗေဒင်မေး ယတြာလုပ်တာတွေ အခုအထိတွေ့နေရတုန်းပဲ..။

မြန်မာ့စာပေနဲ့ ယဉ်ကျေးမှု ခေတ်အခြေအနေ အဖြစ်အပျက်တွေက နတ်တွေကနေ တဆင့် ထောက်လှမ်းပြီး ပုံပြင်ဆန်ဆန် သဘောထားတွေကနေ ပုံဖော်ကြည့်လို့ရတဲ့အတွက် မြန်မာတွေစာမတတ်ခင် စာထက်အက္ခရာအဖြစ် မတင်ထားနိုင်သေးခင်မှာ မြန်မာ့ယဉ်ကျေးမှုတွေအနေနဲ့ ရှိနေခဲ့တဲ့အတွက် ဒီပုံပြင်တွေနဲ့ ပုံပြင်တွေထဲက နတ်တွေကို တစ်နည်းတစ်ဖုံကျေးဇူးတင်ဖို့ ရှိနေသလားလို့..။

ဖတ်ထားမှတ်ထားတဲ့စာတွေ ရေးမိရာရာ စဉ်းစားရေးမိတာပါ..။

(အစောဆုံးမြန်မာအက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ဆိုတဲ့ ဒေါက်တာသန်းထွန်းရေးတဲ့ စာအုပ်မှာ စုံလင်အောင်ရှင်းထားတယ်..)

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Aug 14 2007

ထူးအိမ်သင် နှစ်ပတ်လည်

ဂီတရဲ့မှော်ဝင်စားသူ ဂီတပညာရှင်တစ်ယောက်ဖြစ်သူ ထူးအိမ်သင် ကွယ်လွန်တာ ၃ နှစ်ပြည့်ပါပြီ..။ အဲဒီအတွက် ကျွန်တော့်သူငယ်ချင်း ကိုဖိုးသားက ကိုပုဂံနတ် ဒီဇိုင်းလေးတစ်ခု လုပ်ပေးပါလို့ ပြောပါတယ်..။ ကျွန်တော်လည်း အမှတ်တရ Wallpaper Design ကလေး မတောက်တခေါက်တတ်တဲ့ ဖိုတိုရှော့ ပညာရပ်နဲ့ ရေးဆွဲရပါတယ်..။ မနေ့ညကပါ..။ တစ်ပုံပဲဆွဲထားဖြစ်ပါတယ်..။ အဲဒီပုံကို www.htooeainthin.com ရဲ့ gallery မှာ တင်ထားလိုက်ပါတယ်..။ မနေ့က ကျွန်တော်နဲ့အတူ ကိုသခင်ကြီးလည်း ဆွဲထားတာလေးတွေ တွေ့ပါတယ်..။ ကိုသခင်ကြီးက ပုံနှစ်ပုံဆွဲပါတယ်..။

ဒါက ကျွန်တော်ဆွဲထားတဲ့ ပုံလေးပါ..။

ဒီအောက်က Wallpaper Design နှစ်ခုကတော့ ကိုသခင်ကြီး ဆွဲထားတဲ့ပုံလေးပါ..။ ကျွန်တော် အရမ်းသဘောကျပါတယ်..။


သုံးထားတဲ့ အရောင်.. စီစဉ်ပြီးဆွဲထားတဲ့ concept .. လုပ်ပြထားတဲ့ Design တွေက ကျွန်တော့်အပေါ် အတော်လေး စွဲဆောင်မှုရှိပါတယ်..။ ကိုသခင်ကြီးရေ..။ Cheers ဗျာ..။ ရေလည် လေးစားတယ်…။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Aug 13 2007

iGoogle

ကျွန်တော်အရင်က အင်တာနက်သုံးရင် ရှာရဖွေရတဲ့အလုပ် သိပ်ကို အချိန်ပေးရတယ်..။ Cyber Cafe’ ကနေ အသုံးပြုတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်..။ စရိတ်စက အလွန်အကျွံထောင်းပါတယ်..။ အိပ်ထဲပိုက်ဆံ အပြည့်ထည့်ထားနိုင်ရင်တော့ မဆိုးဘူးပေါ့လေ..။ ရသလောက် အချိန်ကလေး ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေ ရှာရဖွေရတာ ထိရောက်တဲ့နည်းလမ်းတွေ သုံးတာ ပိုကောင်းတာပေါ့..။ ကျွန်တော် အဲဒီနည်းလမ်းတွေ သုံးတယ်..။

အရင်တုန်းက Google Alert Service ကို သုံးထားပါတယ်..။ ကိုယ်လိုချင်တဲ့ Keyword တွေနဲ့ရှာခိုင်းပြီး g-Mail ထဲကို ပို့ထားပေးလိုက်တာပါ..။ လုပ်တဲ့နည်းကလည်း တော်တော်လွယ်ပါတယ်..။ ဒီလင့်မှာ ကလစ်နှိပ်ပြီး လုပ်ရင် Alert Service ကို ရောက်ပါတယ်..။ အဲဒီကနေ ကိုယ့်ရဲ့ Google Account နဲ့ Log In လုပ်ပြီး Manage လုပ်ပေးရုံပါပဲ..။ ကိုယ်လိုချင်တဲ့ သတင်းအချက်က Blog, News, Web, Group, Comprehensive ဆိုပြီး ရွေးထားပေးလို့ ရပါတယ်..။ ကိုက Technology ဆိုတဲ့ Keyword ကို News လို့ရွေးထားရင် Technology စာလုံးပါတဲ့ News Session က စာတွေ အကုန် ကိုယ့်ဆီကို ပို့ပေးပါလိမ့်မယ်..။ ဒါက တစ်နည်းပေါ့..။

နောက်တစ်နည်းက iGoogle နဲ့ သုံးတာ..။ iGoogle ကျတော့ ကိုယ်လိုချင်တာတွေကို ကိုယ့်ဟာကိုယ် စာမျက်နှာသီးသန့်တစ်ခုအနေနဲ့ google.com မှာ ယူထားတာမျိုးပါ..။ များသောအားဖြင့် မစိမ်းဘူးလို့ ထင်ပါတယ်..။ Google ဟာ အချိန်အကုန်အကျ သက်သာပြီး ကိုယ်လိုချင်တဲ့ Information တွေကို တစ်နေရာတည်းမှာ ကိုယ့်စိတ်ကြိုက် စုစည်းလို့ရအောင် လုပ်ထားပေးတဲ့ Service ဖြစ်ပါတယ်..။

ကျွန်တော် ဒီအသုံးချနည်းလေးကို အချိန်လုပြီး အင်တာနက်သုံးနေရတဲ့ ဗဟုသုတရှာဖွေသူ၊ ဗဟုသုတ ဖြန့်ဝေဖို့ ကြိုးစားနေတဲ့သူတွေအတွက် လက်တို့ချင်ပါတယ်..။ ပထမဆုံး လိုအပ်ချက်က Google Account ရှိနေဖို့လိုပါတယ်..။ Google Account နဲ့ g-mail တို့ Blog တို့ လုပ်ရပါတယ်..။ Google Account ဟာလည်း အင်တာနက် သုံးတဲ့သူ တော်တော်များများမှာ ရှိပြီးဖြစ်ပါလိမ့်မယ်..။ မရှိသေးရင်တော့ Register လုပ်ဖို့ လိုပါတယ်..။

www.google.com ကို Address Bar မှာရိုက်ပြီး ၀င်ပါ..။

Google web site တက်လာတယ်ဆိုရင် ညာဘက်ထောင့်မှာ iGoogle ဆိုတာလေး ပါပါတယ်..။ အဲဒီမှာ Click လုပ်ပြီးဝင်ပါ..။ ဒါဆိုရင် အောက်က စာမျက်နှာမျိုး တက်လာပါလိမ့်မယ်..။

အဲဒီမှာ Make it your own ဆိုပြီး အပေါ်မှာရေးထားပါတယ်..။ အဲဒီစာကြောင်းရဲ့အောက်မှာ Already have a page? Sign in to see your stuff ဆိုတဲ့စာသားလေးလည်း ပါပါတယ်..။ Make it your own ဆိုတာမှာ Click လုပ်ပေးပါ..။ တကယ်လို့ Account ရှိပြီး ပြင်ဆင်ထားပြီးသားဆိုရင်တော့ အဲဒီမှာ click လုပ် google account မှာ Sign in လုပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ page တန်းတက်လာပါလိမ့်မယ်..။ အခုလောလောဆယ်တော့ စလုပ်တဲ့နေရာကပဲ စတာပေါ့..။ Make it your own ဆိုတဲ့ လင့်မှာ ကလစ်လုပ်လိုက်တယ်ဆိုရင် အောက်က စာမျက်နှာ ကျလာပါလိမ့်မယ်..။

အဲဒီစာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Service တွေကို Click လုပ်ပါ..။ ပြီးရင် Show My Page မှာ Click လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့အရာတွေကိုပဲ စုပြီး တစ်မျက်နှာတည်းမှာ လာပြပါလိမ့်မယ်..။ ကျွန်တော်တို့ ကိုယ်လိုချင်တဲ့ page design ကို ကိုယ်တိုင် ဖန်တီးပြီး အချက်အလက်တွေကို ကိုယ်နှစ်သက်ရာ ရွေးချယ်ပြီး ကြည့်လို့ရပါပြီ..။

တစ်ခု သတိထားရမှာက အဲဒီပြင်ဆင်ထားတဲ့ စာမျက်နှာကို ကိုယ်အဲဒီကွန်ပျူတာကနေ ထွက်သွားတာနဲ့ ကျန်ခဲ့မှာပါ..။ ဒါကို ဘယ်လိုသိမ်းမလဲဆိုရင် ကိုယ့် Google Account နဲ့ log in လုပ်ထားစဉ်မှာ ပြင်ဆင်ထားတယ် ဆိုရင်တော့ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့အတိုင်း အင်တာနက် အသုံးပြုလို့ရတဲ့ ဘယ် Computer မှာမဆို Google Account ကို log in လုပ်ပြီး သုံးလို့ရပါတယ်..။ အောက်က ပုံကတော့ ကျွန်တော့်ရဲ့ Account လုပ်ထားပုံကို ပြထားတာပါ..။

ကိုယ့်အတွက် သီးသန့် သက်ဆိုင်ရာကဏ္ဍလေးတွေ ခွဲထုတ်ထားချင်တယ်ဆိုရင် Tab ကလေးတွေနဲ့ ခွဲထုတ်ထားလို့ ရပါတယ်..။ ထည့်ချင်တယ်ဆိုရင် Add a tab မှာ Click လုပ်ပါ..။ ကိုယ်ပေးလိုက်တဲ့ Tab Name ပေါ်မှာ မူတည်ပြီး Google က သူ့ရဲ့ Available ဖြစ်တဲ့ သက်ဆိုင်တဲ့ Service တွေကို ထပ်ပေါင်းပေးသွားမှာ ဖြစ်ပါတယ်..။

တကယ်လို့ Add Button မှာ နှိပ်လိုက်တယ်ဆိုရင် အပေါ်မှာ ပြထားတဲ့အတိုင်း Box ကလေးတစ်ခု တက်လာပါမယ်..။ Tab Name ကို ကိုယ်ပေါင်းထည့်ချင်တဲ့ Tab နာမည်ရိုက်ထည့်ပါ..။ News ဆိုရင်လည်း News ပေါ့..။ ကျွန်တော် လောလောဆယ် Web Design ဆိုတာပဲ ပေါင်းထည့်ထားပါတယ်..။ ပြီးရင် I’m feeling lucky. ဆိုတဲ့ Check box မှာ click နှိပ်ပြီး OK မှာနှိပ်လိုက်ရင် Tab အသစ်တစ်ခု ထပ်ပေါင်းထည့်ပေးသွားတဲ့အပြင် လိုအပ်တဲ့ stuff တွေပါ ထည့်ပေးသွားပါလိမ့်မယ်..။

အဲဒါကိုမှ မကြိုက်သေးဘူး လိုအပ်ချက်ရှိသေးတယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ထည့်လို့ရပါတယ်..။ Add Stuff မှာနှိပ်ပေါ့..။ ပြီးရင် main page ကိုပြန်သွား..။ ကျန်တာတွေကတော့ အလွယ်တကူလုပ်လို့ ရမှာပါ..။ ကိုယ်ရွေးချယ်ထည့်သွင်းတဲ့ Staff တွေပေါ်မူတည်ပြီး ကိုယ့် page အသုံးတည့်မှာ သေချာပါတယ်..။

Interface Design ပြင်ဖို့အတွက် support လုပ်ပါသေးတယ်..။ အဲဒီ theme လေးတွေက အချိန်ပေါ်မူတည်ပြီး ပြောင်းပါတယ်..။

ကိုယ့်စိတ်ကြိုက် ပုံမှာ Click လုပ်ပြီး Save လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ Theme ကို ပြောင်းသွားပါလိမ့်မယ်..။ ဒီ Setting တွေဟာ google account log in လုပ်ထားချိန်မှာ ပြင်ဆင်တာ ကောင်းပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ်ပြင်ဆင်ထားတာတွေကို Google က သိမ်းပေးသွားမှာ ဖြစ်ပြီးတော့ ဘယ်စက်မှာမဆို ဘယ်နေရာမှာမဆို Sign in လုပ်တာနဲ့ ကိုယ်ပြင်ဆင်ထားတဲ့အတိုင်း တက်လာမှာ ဖြစ်ပါတယ်..။ နောက်တစ်ခုက Google Talk ကိုလည်း အဲဒီပေါ်မှာ ထည့်သွင်းလို့ရပါသေးတယ်..။

အားလုံးအဆင်ပြေမယ် ယူဆပါတယ်..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Aug 6 2007

စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း

သြဂုတ် (၅) ရက်နေ့ ညနေပိုင်းမှာ နိုင်ငံကျော် စာရေးဆရာ တာရာမင်းဝေ အသည်းရောင် အသားဝါစီ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်..။ ပန်းခေတ်ကလမင်း လုံးချင်းဝတ္ထုနဲ့ စတင်နာမည်ကျော်ကြားလာခဲ့တဲ့ လူငယ်စာရေး ဆရာတစ်ယောက် ဖြစ်ပါတယ်..။

နာမည်အရင်း ချစ်ညီညီ(ခေါ်) ရွှေဘုန်းလူ ဖြစ်ပါတယ်..။ ကဗျာဆရာ ဒတ္ထရဲ့ညီ ဖြစ်ပါတယ်..။ ဇနီးဖြစ်သူ စာရေးဆရာမ မနော်ဟရီနဲ့ သူ့ရဲ့ တစ်ဦးတည်းသောသားလေး ခေတ်နေကို ချန်ထားပြီး ကြွေလွင့်ခဲ့တယ်..။

စိတ်ထိခိုက်မိတဲ့ သတင်းဆိုး တစ်ခုပါ..။ ကျွန်တော် စာရေးဆရာ တာရာမင်းဝေရဲ့ စာအုပ်တော်တော်များများ ဖတ်ခဲ့ဖူးပါတယ်..။ သိပ်ကိုတော်တဲ့သူ သိပ်ကိုထူးချွန်ခဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်တို့ လက်မခံဘဲ မနေနိုင်ပါဘူး.။ ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်းဟာ ပို့စ်မော်ဒန်စာပေခေတ်ရဲ့ ဆုံးရှုံးမှုတစ်ခုပေါ့..။ ကျွန်တော် သတင်းကို ကြားကြားချင်းမှာ မဟုတ်ဘူး.. မမှန်ဘူးလို့ ထင်ခဲ့မိပါတယ်..။ နောက်တော့ နီးစပ်ရာ အသိုင်းအ၀ိုင်းတွေရဲ့ စကားသံတွေကြောင့် သေချာသွားခဲ့တယ်..။

သေမင်းဟာ သိပ်ကို အကောင်းကြိုက်လွန်းပါလားနော်..။ အသက် ၄၂ နှစ်သာ ရှိသေးတဲ့ ဆရာ .. လောကကနေ ထွက်ခွာသွားတာ စောလွန်းတယ်..။ ကျွန်တော် ဆရာ့ကဗျာတွေ စာတွေကို အငမ်းမရဖတ်ချင်ပါသေးတယ်..။

ဆရာတာရာမင်းဝေရဲ့ လုံးချင်းဝတ္ထုစာအုပ် အရေအတွက် လေးဆယ်ကျော် ထွက်ခဲ့ပါတယ်..။ ကျွန်တော့်ဆီမှာ ၄၂ အုပ်ရှိပါတယ်..။ ကျွန်တော် အဲသလောက် အရူးအမူးနှစ်သက်ခဲ့သူပါ..။ အခုတော့ ကြွေလွင့်စောလိုက်တာ..။

ပန်းရိုင်းတွေပွင့်တဲ့ စိမ်းဖန့်တဲ့တောမှာ လိပ်ပြာတွေအတောင်ပံခပ်နေတယ် ဆရာ..။

VN:F [1.8.8_1072]
Rating: 1.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Aug 6 2007

မြန်မာသူရဲကောင်းတချို့၏ ပုံရိပ်

အနော်ရထာ မင်းစော (၃၇၅-၄၃၀)

ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်းရာ၊ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြှောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓသာသနာတော် ထွန်းကားရေးကို ဆက်လက်အားပေး၍ အမျိုးသား စည်းလုံးညီညွှတ်ရေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ဥာဏ်အမျှော်အမြင် ကြီးမားသော မင်းဖြစ်ပြီး တိုင်းတပါးနှင့် ချစ်ကြည်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်ခဲ့သည်။

အလောင်းစည်သူ (၄၅၅-၅၂၉)

နိုင်ငံတော်အတွက် ဆည်မြောင်း ချောင်းကန်တို့ကို ဆည်ဖို့ပြုပြင်ခြင်း၊ အလေးချိန် ငွေကြေး အချင်အတွယ် စသည်တို့ကို တညီတညွတ်တည်းဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ သာသနာတော် စည်ပင်ပြန့်ပွားရေးအတွက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကာ စေတီပုထိုးများ တည်ထားခဲ့သည်။

ဘုရင့်နောင် (၈၇၇-၉၄၃)

ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို အကျယ်ဝန်းဆုံး ဖြန်ကျက်ခဲ့၍ အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်ခဲ့သော စစ်ရေး။ စည်းရုံးရေးနှင့် ရဲစွမ်းသတ္တိပြည့်စုံသည့် စစ်ဘုရင်တစ်ပါးဖြစ်သည်။ နိုင်ငံတော်ကို အရှေ့တောင်အာရှတွင် စစ်အင်အား အခိုင်ခန့်ဆုံး ဖြစ်အောင် ကြိုးစားတည်ထောင်ခဲ့သည်။

သာလွန်မင်းတရားကြီး (၉၄၆-၁၀၀၉)

သာလွန်မင်းသည် နိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေး စနစ်တကျ ရှိစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံး စစ်တမ်းကောက်ယူသော မင်းတစ်ပါးဖြစ်သည်။

အလောင်းမင်းတရားကြီး (၁၀၇၆-၁၁၂၂)

တတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်၍ ကဗျာစာပေများကို ချီးမြှောက်ခဲ့သည်။ မြန်မာ့စစ်အင်အားနှင့် တန်ခိုးသြဇာ ပြန်လည်ကြီးမားလာစေရန် ဆောင်ရွက်ခဲ့သည်။

ဘိုးတော်ဘုရား (၁၁၀၆-၁၁၈၁)

ဘိုးတော်ဘုရားသည် အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံရေး စနစ်ကျစေရန် စစ်တမ်းနှစ်ကြိမ်ကောက်ယူခဲ့သည်။ နိုင်ငံအ၀ှမ်းရှိ ရှေးဟောင်းကျောက်စာများကို စုစောင်းသိမ်းဆည်းခဲ့သည်။ နာမည်ကျော် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းခဲ့သည်။

မဟာဗန္ဓုလ (၁၁၄၄-၁၁၈၆)

အမရပူရခေတ် မြန်မာ့တပ်မတော်၏ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ထင်ရှားကျော်ကြားသော စစ်သေနာပတိချုပ် ဖြစ်သည်။ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲတွင် ဗြိတိသျှတို့၏ နယ်ချဲ့ရန်ကို စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော ဂုဏ်ယူထိုက်သည် အာဇာနည် သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်..။

ကနောင်မင်းသား (၁၁၈၁-၁၂၂၈)

ရတနာပုံခေတ် အိမ်ရှေ့စံမင်းသားကြီး ဖြစ်သည်။ မြန်မာနိုင်ငံ ခေတ်မှီတိုးတက်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သူ ဖြစ်သည်။ စက်မှု လက်မှု ထွန်းကားရန်၊ နိုင်ငံတော်ကာကွယ်ရေး ခေတ်မှီစနစ်ကျရန်နှင့် လက်နက်အင်အား တောင့်တင်းရန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark