Jun 8 2010

ပေါင်းစပ်ကြည့်မိသော ထောင့်ချိုးလေးများ

ကျွန်တော် ဆယ်တန်းကျောင်းသားဘဝကတည်းက ကျောင်းစာနဲ့ မဆက်စပ်တဲ့ စာအုပ်တွေ ရှာဖတ်တဲ့ အကျင့်ရသွားတယ်..။ အဲဒီတုန်းက ကျွန်တော်ဖတ်တဲ့စာအုပ်တွေက မင်းသိင်္ခရေးတဲ့ ဝတ္ထုတွေပါ..။ စွဲစွဲမြဲမြဲကို ဖတ်ဖြစ်ခဲ့ပါတယ်..။ စာအုပ်တွေ ဖတ်မိရာကနေ ဆားပုလင်းနှင်းမောင်ရဲ့ စရိုက်ကို အတုခိုးမိသလို ဘိန်းစားဘွန်ဟောင်းလို စာပေရေးရာနဲ့ လောကီရေးရာတွေမှာ နှံ့စပ်ချင်မိတယ်..။ စနေမောင်မောင်လို တပါးသူတွေ မသိလောက်တဲ့ လျှို့ဝှက်တဲ့ အတတ်ဆန်းတွေ တွေးတတ် လုပ်တတ်ချင်တယ်..။ ပုဏ်ဏားဘကွန်းလို ခိုင်မာတဲ့ ဇွဲနပဲရှိချင်တယ်..။ အောင်မြင်ချင်တည်..။ တည်ဆောက်ချင်တယ်..။ စာအုပ်တစ်အုပ်ကို ဖတ်မိရင် ဖတ်မိတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်၊ စာရေးဆရာရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံရတယ် ဆိုတာကို ပြောချင်တာပါ..။

အနုအလှတွေရေးတဲ့နေရာမှာ တွေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ သိပ္ပံနည်းကျ စနစ်တကျတွေးခေါ်သုံးသပ်ကြည့်တာပဲဖြစ်ဖြစ်၊ လူမှုရေးအမြင်မှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဆီက ကျွန်တော်တို့ရဲ့ ပင်ကိုအသိကနေ တိုက်ရိုက်လာတာထက် ကျွန်တော်တို့ ဖတ်ခဲ့ မှတ်ခဲ့ သင်ခဲ့ လေ့လာနာယူခဲ့တဲ့ ကျွန်တော်တို့အပေါ် လွှမ်းမိုးထားတဲ့ စာရေးဆရာ၊ သင်ဆရာ၊ မြင်ဆရာတွေရဲ့ ရိုက်ခတ်မှုက ရာခိုင်နှုန်းပိုများပါတယ်..။ အားလုံးကို ဆိုလိုတာမဟုတ်ပါဘူး..။ ဒါဟာ ရင့်ကျက်မှု တစ်နည်းအားဖြင့် ပြောရရင် Mature ဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်..။

ဒီဘက်ခေတ်မှာ စာရေးတတ်တာနဲ့ စာအုပ်တွေ ဟောတစ်အုပ် ဟောတစ်အုပ်ထွက်ပြီး နာမည်ကြီးနေတဲ့ စာရေးဆရာတွေ များလာပါတယ်…။ အရင့်အရင်တုန်းကတည်းကလည်း အဲဒီလိုစာရေးဆရာတွေ ရှိတာပါပဲ..။ မကောင်းတဲ့စာပေလို့ ကျွန်တော်လက်ညှိုးမထိုးပါဘူး..။ အပျင်းပြေအပျော်ဖတ်အဆင့်လောက် စာရင်းသွင်းရမယ့် သဘောမှာရှိပါတယ်..။ ဒါကို ကျွန်တော်က သတ်မှတ်တာမဟုတ်ပါဘူး..။ စာဖတ်သူတစ်ယောက်အနေနဲ့ ကိုယ်တိုက်သတ်မှတ်လို့ရသလို စာပေရေးရာ ဝေဖန်ရေးဆရာတွေက သတ်မှတ်တာတွေပါ..။ ကိုယ်ဖတ်တဲ့စာအုပ်တစ်အုပ်က ကိုယ့်အတွက် အချိန်ကုန် ငွေကုန်ထားသလောက် ကိုယ့်အတွက် အကျိုးပြုတာ တစ်ခုမှမရရင် အပျော်ဖတ် အပျင်းပြေလောက်ပဲ ရှိမှာပါ..။ စာပေဟာ လူ့ဘဝရဲ့ မီးပြတိုက်ပါ..။ အတွေးအခေါ်လမ်းကြောင်းတွေ ပေါက်ဖွားရာ ရင်းမြစ်ပါ..။ စာပေက တွန်းတဲ့အားက လူတစ်ယောက်ရဲ့ ဘဝနဲ့ယှဉ်ပြီး သိတဲ့အသိကို back to back ပြောင်းလဲစေတာမျိုးပါ..။ ဓါးသွားထက် ကလောင်သွားထက် ဆိုတဲ့ စကားလည်း ရှိပါတယ်..။ ဓါးတစ်လက်နဲ့ လူတစ်ယောက်ကို အသက်သေအောင် သတ်နိုင်ပါတယ်..။ ကလောင်သွားနဲ့ လူတစ်ယောက်ထက်မကတဲ့ ဘဝတွေကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပစ်လို့ရပါတယ်..။

ဒီနေ့ခေတ်မှာ အင်တာနက်ရှေ့ ငုတ်တုတ်ထိုင် ဟိုကလစ်ဒီကလစ် လုပ်လိုက်ရင် ကိုယ်မသိသေးတဲ့ ကိုယ်နဲ့စိမ်းနေသေးတဲ့ အသစ်ဆိုတဲ့ အကြောင်းအရာ အရာအထောင်တို့က ကိုယ်ပိုင်အတွေးအခေါ်တွေ ဆန့်ထုတ်ပစ်ဖို့ စောင့်ကြိုနေပါတယ်..။ ရွေးချယ်ပြီး ထိထိရောက်ရောက်သာ အသုံးချတတ်မယ်ဆိုရင် ကိုယ့်အတွက်တင်မဟုတ်ပါဘူး..။ ကိုယ့်ပတ်ဝန်းကျင်ကို အများကြီး ပြောင်းလဲပစ်လို့ရပါတယ်..။

ဆိုပါစို့..။ ကျွန်တော်က ဘာမှမသိဘူး..။ ကျွန်တော်သိချင်တာလေး တစ်ခုရှိတယ်..။ ဥပမာ ကွန်ပျူတာ ဒီဇိုင်းဆိုပါတော့..။ ဒီတော့ ကျွန်တော့်အတွက် ပထမဆုံး အားထုတ်ရမှာက ကွန်ပျူတာဒီဇိုင်းပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင် သင်ပေမယ့်နိုင်မယ့် သူကိုရှာရင်ရှာ မဟုတ်ရင် အဲဒီပညာရပ်အကြောင်းကို အခြေခံကအစ ရေးသားပို့ချပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ရေးတဲ့ စာအုပ်ကိုရှာချင်ရှာ ဒါမှမဟုတ် အင်တာနက်အသုံးချပြီး စတင်လေ့လာလိုသူတွေအတွက် အခမဲ့ သင်ယူနိုင်မယ့် web site တွေကိုရှာရမယ်..။ ဒါက Dependency အဆင့်ဖြစ်ပါတယ်..။ ကျွန်တော်လေ့လာချင်တဲ့ ဘာသာရပ်အတွက် အထောက်အပံ့တွေအပေါ် မှီခိုပြီးရှာရ ဖွေရ ဆည်းပူးရပါတယ်..။ နောက်တစ်ဆင့်မှာ ကျွန်တော် ဒီပညာနဲ့ ပတ်သက်ပြီး လေ့လာရင်းနဲ့ တတ်မြောက်တဲ့အဆင့်ကို ရောက်သွားတယ်..။ အစ ပထမတုန်းကလို ဝေတေဝါးတား မဟုတ်တော့ဘူး..။ ဘာလုပ်ရင် ဘာဖြစ်မယ်..။ ဖန်တီးမှုတစ်ခုအတွက် ဘာတွေလိုအပ်တယ် ဆိုတာတွေ နားလည်တဲ့ အဆင့် ရောက်သွားပါတယ်..။ ဒီအခြေအနေက Independence လို့ ခေါ်ပါတယ်..။ မှီတွယ်နေရတာတွေကနေ ကင်းလွတ်သွားတာ ဖြစ်ပါတယ်..။ ပညာရပ်တစ်ခုကို တတ်ကျွမ်းသွားတယ်ဆိုတာ လုပ်စားလို့ ရလောက်တဲ့အထိကို ဆိုလိုပါတယ်..။ ဒါကို Professional တစ်ယောက်ဖြစ်လာတာမျိုးပါ..။ ဟိုဘက်ခေတ်အခြေအနေတုန်းက မှတ်မိသလောက် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင်တော့ ဒီအဆင့်နဲ့တင် လုပ်စားလို့ရပါတယ်..။ ဒီဘက်နှစ်တွေမှာတော့ ဒီအဆင့်နဲ့ မရတော့ပါဘူး..။

အသစ်အသစ်ထပ်ထွက်လာတဲ့ နည်းပညာတွေကို အချိန်နဲ့အလိုက် ဆွေးနွေးလေ့လာတိုင်ပင်နှီးနှောရင်း လမ်းစသစ်တွေုလုပ်ဖို့အတွက် ပညာရပ်တွေဖလှယ်ဖို့ဆိုတာ လိုအပ်လာပါပြီ..။ ကျွမ်းကျင်နယ်ပယ်ချင်းတူကြတဲ့ တစ်ယောက်ပေါ်တစ်ယောက် တစ်ဖွဲ့ပေါ်တစ်ဖွဲ့ အပြန်အလှန် ဆွေးနွေးတိုင်ပင်ရင်း အချင်းချင်း မှီခိုခြင်းသဘောတွေ ပါလာပါတယ်..။ ဒါက Interdependency ဖြစ်ပါတယ်..။ ကျွန်တော်ဒီအကြောင်းတွေ ပြောတာက အင်တာနက်ကို မြည်းစမ်းကြည့်ဖူးတဲ့ လူငယ်တွေ လမ်းစသစ်တွေပေါ်ခြေချရင်း အကျိုးရှိရှိ အသုံးချနိုင်စေချင်လို့ပဲဖြစ်ပါတယ်..။ ကျွန်တော်တို့ လူမျိုးတွေကို လျှော့တွက်လို့မရပါဘူး..။ အရည်အချင်းရှိကြပါတယ်..။ Interdependency အဆင့် တက်ဖို့အတွက် ကွင်းဆက်ကလေးတွေ ချိတ်မိဖို့ပဲ လိုအပ်နေပါသေးတယ်..။ ဒီဘက်ခေတ်မှာ ကိုယ်တစ်ယောက်တည်း သိနေတတ်နေလို့ မရတော့ပါဘူး..။ ဘယ်လောက်အထိ ဖြန့်ဝေပေးနိုင်သလဲဆိုတဲ့အပေးမှာ Professional တွေရဲ့ Roll က တည်မှီနေပါတယ်..။ ဒါ့ကြောင့် သိထား တတ်ထားတာတွေ မျှဝေဖို့ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်လာပါတယ်..။

အပျင်းပြေ အပေါစားဝတ္ထုတစ်အုပ် ဖတ်ဖို့ ပေးရလောက်တဲ့ အချိန်နဲ့ ပညာရပ်တစ်ခုအတွက် အချိန်တစ်ခုလေးသာ ပုံမှန်ပေးဖြစ်မယ်ဆိုရင် တစ်ရက်နှစ်ရက် ဘာမှသိပ်မထူးပေမယ့် လနဲ့ချီပြီး ရင်းနှီးမြှပ်နှံကြည့်မယ်ဆိုရင်တော့ အပြောင်းအလဲ ကြီးကြီးမားမား ကိုယ့်အတွက်ဖြစ်လာမှာ သေချာပါတယ်..။

VN:F [1.8.8_1072]
Rating: 9.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Jun 7 2010

လမ်းပေါ်မှာ

ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာ လမ်းပေါ်က ဘဝတွေအကြောင်း ရေးထားတာပါ..။ ကျွန်တော် Street Life ကို နှစ်သက်ပါတယ်..။ နှစ်သက်တယ် ဆိုတာ လမ်းမပေါ်မှာ လှုပ်ရှား ရုန်းကန်နေတဲ့ လူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားတဲ့ အမြင်တွေ အလုပ်အကိုင်တွေ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အတွေးအခေါ်တွေ အပြုအမူတွေ တစ်ယောက်နဲ့တစ်ယောက် ဝမ်းစာရှာဖွေ စားသောက်ပုံတွေ လေ့လာနိုင်သလို လူတွေရဲ့ ဘဝတွေနဲ့ တိုက်ရိုက် ထိတွေ့နေတာဖြစ်တဲ့အတွက် သူတို့ ဇောတွေနဲ့ဆို ဘယ်လိုခြေလှမ်း ဘယ်လို မျက်လုံး ဘယ်လို ပုံစံ ဆိုတာ သိနိုင်သလို ပျော်နေတဲ့သူဆို ဘယ်လိုခြေလှမ်း ဘယ်လိုမျက်လုံး ဘယ်လိုနှုတ်ခမ်းတွေဆိုတာကို စာတွေ ဖတ်လို့ရပါတယ်..။

ကွာခြားခြင်း များပါတယ်..။ တစ်ယောက်ရဲ့ဘဝနဲ့ တစ်ယောက်ရဲ့ဘဝ ခြားနားနေတယ်ဆိုတာ ကျွန်တော်အခုပြောတာထက် ကလေးတောင် သိပါတယ်..။ လူတွေဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုရှင်သန်နေထိုင်သလဲဆိုတာ စူးစမ်းလိုစိတ်က ကျွန်တော့်ဆီမှာ ရှိပါတယ်..။ ဓါတ်ပုံတွေ ရိုက်ရင်လည်း လမ်းပေါ်မှာ လျှောက်သွား ဆက်ဆံနေတဲ့ သူတွေနဲ့ ပတ်သက်တာတွေ ရိုက်ချင်တာ..။ ရိုက်ချင်လွန်းလို့ကို လေ့ကျင့်ထားတာတွေလည်း ရှိပါတယ်..။ ကင်မရာဘယ်လိုကိုင် ဘယ်လိုရိုက် ဘယ်လို setting ထားဆိုတာ မျိုးတွေကအစပေါ့..။

ကျွန်တော် အခုပြောချင်တာ ကင်မရာ နည်းပညာအကြောင်း မဟုတ်ပါဘူး..။ လူတွေရဲ့ urbanization ကို ပြောချင်တာပါ..။ မြို့ပြ လူနေပိုထူထပ်လေ လူတွေရဲ့ အတ္တနဲ့ အခန်းကဏ္ဍက ပိုထင်ရှားလေ ဖြစ်ပါတယ်..။ အင်အားကြီးသူနိုင်စတမ်း ဆိုတဲ့ လောကကြီးရဲ့ သရုပ်က လူနေထူထပ်တဲ့ မြို့ပြဘဝတွေ ဥပမာ ရန်ကုန်နဲ့ မန္တလေးလို ကွာပါတယ်..။ ရန်ကုန်မှာ ပလက်ဖောင်းမှာ လမ်းလျှောက် သွားနေတဲ့ သူတွေ အများကြီး..။ သူတို့ မျက်နှာတွေမှာ ဘဝရဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတာတွေ အများကြီး..။ အနာဂါတ် မရေရာသူ တွေဝေစွာ လျှောက်လှမ်းနေတယ်..။ အပူပင်ကင်းပြီး မိဘအရိပ်အာဝသမှာ တည်မှီနေတဲ့သူတွေက mp3 player လေးတပ် သီချင်းလေးနားထောင်၊ တချို့ တိုးတိုးလေးညည်းလို့ လမ်းလျှောက်သွားကြတယ်..။ တချို့သေရေးရှင်ရေး ချွေးပြိုက်ပြိုက်ကျလို့ ပြေးရလွှားရတယ်..။ အနားမှာ ဘယ်သူ ရှိနေတယ်ဆိုတာထက် ဟိုအဝေးက အလုပ်တစ်ခုကိုပဲ အာရုံထား လှုပ်ရှားချင်သူတွေပေါ့..။

ကိုယ့်အတွက် နေရာလေးတစ်ခု ရဖို့ ကိုယ့်မိသားစုအတွက် နေရာလေးတစ်ခုရဖို့ ကိုယ့်ပတ်ဝန်းကျင်ကြားမှာ အခြေအနေလေးတစ်ခု ဖြစ်လာဖို့ ကိုယ့်ဘဝအတွက် အပြောင်းအလဲလေးတစ်ခု ဖြစ်လာဖို့အတွက် ကိုယ့်အတွက် အာရုံသိပ်စိုက်လာတော့ ကိုယ့်ပတ်ဝန်းကျင်ဆိုတာ ဘာဆိုတာ မေ့လာတတ်ကြတယ်..။ ကျွန်တော် အပူအပင် သိပ်မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် မထင်ပါဘူး..။ ကျွန်တော်ကိုယ်တိုင်လည်း အပူပင်တွေနဲ့ တွယ်ငြိနေတဲ့ လူသားတစ်ယောက်ပဲ..။ ကျွန်တော် ပူပင်သောကတွေ ဝေနေတဲ့အချိန် ကျွန်တော့်ပတ်ဝန်းကျင် ဘာဖြစ်နေတယ်ဆိုတာကို သတိထားမိမယ် မဟုတ်ဘူး..။ ကြီးကြီးမားမားမှ သတိထားမိမယ်..။ ကမ္ဘာကြီး ပူနွေးနေတာ ရုတ်တရက် သတိမထားမိဘူး..။ သစ်ပင်တွေ ကျဲပါးကုန်တာ သတိမထားမိဘူး..။ လူတွေ ပူလောင်သောကတွေနဲ့ စိတ်တို စိတ်ဆတ်နေတာ သတိမထားမိဘူး..။ လိုင်းကားပေါ်ရောက် ကားခပေးတော့ ၂၀၀ ဖြစ်နေတာတော့ သတိထားမိတယ်..။

ကိုယ်ပေးသလောက် ကိုယ်ပြန်ရမှ လူ့စိတ်က ပြည့်စုံတယ်လို့ ထင်တတ်ကြစမြဲပဲ..။ ဒါမှလည်း သဘာဝကျမယ့်အပြင် ခုနကလို ရုန်းကန်လှုပ်ရှားနေတာတွေနဲ့ တန်တဲ့ result တစ်ခုကို ရလာမှာပဲ..။ ဘယ်နေရာမဆို အပေးအယူမျှဖို့ အရေးကြီးပါတယ်..။ ဆင်ခြင်သင့်ပါတယ်..။ ဘဝကို ဘယ်သူမဆို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး အောင်မြင်မှုဆိုတာကို ယူချင်တတ်ကြမှာပဲ..။ တချို့အစိတ်အပိုင်းတွေမှာ ဖော့ပြီးယူတတ်ဖို့ အရေးကြီးပါတယ်..။

ကျွန်တော် ပလက်ဖောင်းဘေးမှာ နာရီအတိုအစလေးတွေ ရောင်းဖူးပါတယ်..။ ခါးလိုက်တဲ့ ဘဝဗျာ..။ ဒီဇင်ဘာလို ခိုက်ခိုက်တုန်အောင် အေးတဲ့ ညမှာ စက်ဘီးလေးပေါ် ဘုတ်ကလေးတင်ပြီး ကြိုးလေးတွေတားလို့ နာရီလေးတွေချိတ်ရောင်းတဲ့ဘဝပါ..။ အဲဒီတုန်းက ရှစ်တန်းကျောင်းသား ဘဝရယ်ပါ..။ ကျွန်တော် ဘယ်ပျော်နိုင်လိမ့်မတုန်း..။ ဒါမေယ့် ရောင်းရတဲ့ ငွေတွေရေတွက်ရင်း ကျွန်တော့်ရဲ့ မနက်ဖြန်တွေအတွက် ရင်ခုန်ခဲ့ဘူးတယ်..။ ဖြစ်လာတာ မဖြစ်လာတာ အပထား အခြေအနေတစ်ခုအရ ကျွန်တော့်အိပ်မက်ကလေး မက်ခွင့်တော့ ရှိတာပါပဲ..။ ဒီနေ့ ကျွန်တော်မက်ထားတဲ့ အိပ်မက်အတိုင်း ဖြစ်မလာသေးပါဘူး..။ အခုလောလောဆယ် အခြေအနေမှာ များသောအားဖြင့် ကျွန်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ လူငယ်တွေကို တီးကြည့်ခေါက်ကြည့်တော့ အိပ်မက်မက်ဖို့ သူတို့ မတတ်ဘူး..။ ရည်မှန်းချက်ဆိုတာ စာလုံးပေါင်းလောက်သာ သိတော့တယ်..။

အိပ်မက်များများမက်ပြီး ပန်းတိုင်တစ်ခုခု ချထားနိုင်ရင် လမ်းစတစ်ခုခုပေါ်တော့ ရောက်သွားမှာပဲ..။ ဒီနေ့ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ သူတွေ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တစ်ခွက်ရှေ့ချပြီး ယင်မောင်းနေတဲ့သူတွေ ကြည့်ကြည့်ပါ..။ သူတို့တွေ ပန်းတိုင်တစ်ခု ချထားရဲ့လား..။ သူတို့ နေချင်သလို နေတတ်သလိုနေနေ သလားဆိုတာ..။

VN:F [1.8.8_1072]
Rating: 9.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Jun 5 2010

အိုဘယ့်အင်တာနက်

၁။ Google Talk ကိုဝင်ဖို့ ၁၅ မိနစ်မှ မိနစ် ၂၀ ကြား ကြိုးစားရ၏။ အကောင့်တစ်ခုတည်းဆို ခဏနေပြုတ်ပြုတ်ကလို အကောင့်တစ်ခုထဲကိုပဲ application နှစ်ခု run ပြီး ပြိုင်ဝင်ထားရ၏။ (အံ့သြ ကုန်နိုင်ဖွယ်)

၂။ ကိုယ်ခေါ်သော ဝဘ်ဆိုဒ် တက်လာဖို့ ၅ မိနစ်ခြားတစ်ခါ F5 ဖြစ်စေ Shift + Refresh ဖြစ်စေ တစ်ခါတလေ Tab နှစ်ခုခေါ်ပြီး တစ်ပြိုင်တည်းဖြစ်စေ တစ်ခါတလေ ကျော်ခွထားသော တခြား browser တစ်ခုဖြစ်စေ ဝင်ပြီး ကြည့်ရလေ၏။ သို့ကလို့ကြောင့် တစ်နာရီဆိုသော အချိန်သည် အင်တာနက် သုံးရန် အင်မတန့် အင်မတန် နည်းလေ၏။

၃။ web designer အနေနဲ့ လုပ်မိခြင်းသည် အတော်စိတ်ဒုက္ခဖြစ်စေတတ်သည် ဆိုခြင်းကို ကျွန်တော် အခု ကောင်းကောင်း သိပြီ..။ file တစ်ခု upload လုပ်ဖို့ တစ်နေကုန် တစ်ညလုံး ကြိုးစားရ၏။ script တစ်ခု run ဖို့အရေး ဘုရားပေါင်းစုံ တ ရသည်..။ မေးလ်တစ်ခု တွဲပို့ဖို့အရေး ချွေးစို့လောက်အောင် လုပ်ရ၏။ မပြီးသေးဘူးလား pressure များအား connection သိပ်သိပ်ဆိုးနေလို့ စကားကို အလကားရတိုင်း သုံးရခြင်းကြောင့် ယုံကြည်မှုနှပ်ပစ် ခံရလေ၏။

၎။ ပြင်ပရာသီဥတု ပူ၏။ အင်တာနက် နှေး၏။ မီးပျက်သောကြောင့် လေအေးပေးစက် ရပ်နေ၏။ ချွေးစက်တို့ တစိမ့်စိမ့်.. ဒေါသတွေ တသိမ့်သိမ့်..။ ဒါပေမယ့် အင်တာနက် လိုင်းများ ကောင်းခြင်းဆိုးခြင်းကား ထိုထိုသော သူတို့၏ ပါးစပ်ဖျားတွယ်သာ ရှိကုန်၏။ ဆင်ခြေတင်မက ဆင်ကောင်လုံး ကြော်ကြ၏။ အရင့် အရင်ဘဝများက ပါရမီထူးများ အံ့ဖွယ်ပေါင်းစပ်ထားသူအလား ဘော်လီဘောချန်ပီယံလောင်းများကား Help Desk က လူများ ဖြစ်ကုန်၏။

၅။ အင်မတန်မြန်လိုက်.. ချာတူးလန်အောင် နှေးသွားလိုက် အဘယ်ကြောင့် ဖြစ်နေသည်ကို သိချင်မိ၏။ ကောလ ဟာလ လေများထမ်းပြီး လမ်းလျှောက်ခဲ့ရ၍ ကျွန်ုပ်ကျောကုန်း ခါးကုန်းနေ၏။ တကယ်ဆို တရားဝင် ထုတ်ပြန် ဖြေရှင်းသင့်၏။ ကျွန်ုပ်ယူထားသော service မှာ BaganNet မှ ဖြစ်၏။ သိပ်မကြာ.. ငွေတောင်းတော့ Myanmar Teleport ဖြင့်တောင်း၏။ Web site များ ဝင်ကြည့်ပြီး error message ပြတော့ ရတနာပုံတယ်လီပို့မှ ဖြစ်နေ၏။ အင်တာနက် သုံးရခြင်းမှာ ဖြောင့်ဖြောင့်တန်းတန်းပင် မရှိ..။ စိတ်လေပါ၏။

၆။ အပိတ်အဆို့ မည်သို့လုပ်နေခြင်းကို ဖြေကြားခြင်း ဖြေရှင်းခြင်း ရှင်းလင်းပြောကြားခြင်း စနစ်တကျ ဆောင်ရွက်ခြင်း မရှိ..။ မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီသည် သူ၏ customer များအပေါ်ဝယ် မည်သို့ရှုမြင် သုံးသပ်သနည်းဆိုသည်ကို ကျွန်ုပ်စဉ်းစားရ ကြပ်လေ၏။

၇။ အကျိုးကား စိတ်ရှည်ခြင်းတည်း..။ အကြောင်းကား စောင့်ဆိုင်းခြင်းတည်း..။ စိတ် အချဉ်ပေါက် အော်ဟစ်ဆဲဆို ရိုက်ခွဲလျှင်လည်း ကျွန်ုပ်ပိုင် ပစ္စည်းတွေဖြစ်နေသောကြောင့် အတော်ပင် စိတ်ထိန်းထားရ၏။

၈။ အင်တာနက်ဆိုသော အတွင်းမရောက် အပြင်မထွက် connection ကြီးအား စိတ်ကုန်နေချေပြီ…။

VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

May 18 2010

Diary

သူမ မကြားအောင် ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်..။ သိပ်ချစ်တယ်..။ ဒီစကားလုံးလေးရဲ့ အတိမ်အနက် ဘယ်လောက်အတိုင်းအတာ ရှိတယ် မသိရပေမယ့် ပွင့်ကျလာတဲ့ လေဟာနယ်မှာတော့ တုန်ဟည်းညွတ်ကျသွားလို့..။ လှိုက်ခနဲ ရင်ခုန်သံက ကျွန်တော့်အသိတရားကို တစ်ချက်ပြီးတစ်ချက် (တိုးလို့ တိုးလို့) ဝင်စောင့်တယ်..။ ကျွန်တော့်ဘဝ.. ကျွန်တော့်ရှင်သန်ခြင်း .. ကျွန်တော့်ရယ်မောခြင်း.. ကျွန်တော့်ရဲ့ အိပ်စက်ခြင်း.. ကျွန်တော့်ရဲ့ အလင်းတွေ.. ကျွန်တော်ပိုင်မဟုတ်တော့ဘူးဆိုတာ အဲဒီ စကားလေးသုံးလုံးက ကျွန်တော့်ကို ကျောခိုင်းသွားပေမယ့် ဖြေကြားပေးမသွားခဲ့ပါဘူး..။ ကျွန်တော် .. မသိခြင်းများကို အဖော်လုပ်ရင်း အိပ်မက်အကြွင်းတစ်စကို ထုတ်ဖော်နေမိတဲ့ ပဟေဠိတစ်ခုလုံးမှာ ဘယ်တော့မှ ထွက်မလာတော့တဲ့ အဖြေတစ်ခုအကြောင်း ယှက်တွယ်ကပ်ငြိလို့..။

လက်တန်းချပြောလို့ စက္ကန့်ပိုင်းလောက်သာ ကြာတဲ့ ဒီတင်္ဂလေးက ကျွန်တော့်ကို ရိုက်ချိုးဝါးမြိုနေတယ်ဆိုတာ ကျွန်တော့်ဝိညာဉ်က အသိနောက်ကျသွားလိုက်တာ ကျွန်တော်တောင် ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မသိတဲ့ ခဏ..။ စက္ကန့်သံတွေ တစ်ထပ်ပြီး တစ်ထပ် တိုက်စားပြီးတဲ့အတွင်းမှာ ကျွန်တော့်အသိတရားက ပထဝီကို ကုပ်တွယ်ထားတဲ့ ကောက်ရိုးတစ်မျှင်လို သဘောမထားမိပေမယ့် နောင်တစ်ချိန် မျက်ရည်စတွေ သီးကြ ပွင့်ကြမယ့် ဥယျာဉ်တစ်ခု တည်ဆောက်လို့ ပြီးသွားခဲ့ပြီပဲ..။

ကော်ဖီခွက်ဖြူဖြူလေးက ပန်းကန်ဝိုင်းဝိုင်းလေးပေါ်မှာ အခါးဓါတ်ကို ကျွန်တော့်ကိုယ့်စား ရင်ဖွင့်ထိန်းထားပေမယ့် ကျွန်တော်ကိုယ်တိုင်က အကြောင်းအရင်းတစ်ခုကို ခုမှ လက်တွေ့ကျကျသိလိုက်ရတဲ့ အလင်းမြင်စအကန်းသမားတစ်ယောက်လို လှိုက်ဖိုမောစွာ အသစ်အသစ်သော လှိုက်ဝေဆူပွက်နေတဲ့ အထိအတွေ့က ကျွန်တော့်ကို သားရဲတွင်းဝတစ်ခုဆီလား ဘုံနန်းပြသာဒ်တစ်ခုဆီကိုလား အရာရာရီဝေနေခဲ့တယ်..။ မာယာ ဆိုတဲ့ နတ်ဘုရားက ကျွန်တော့်ဘယ်ဘက် ရင်အုံမှာ စူးခနဲဖွင့်တယ်..။ ထိုင်ခုံတစ်လုံးက အသက်ရှူတဲ့ လူသားကို ထမ်းထားရင်း ကျွန်တော့်ဆင်ခြင်စိတ်ကို ကုတ်တွယ်ထားတယ်..။

အရောင်တွေမရှိတော့တဲ့အခါ ခံစားချက်ကို ဘယ်လိုပြမလဲဆိုတဲ့အကြောင်း ရုတ်ခနဲ ကျွန်တော့်ခေါင်းထဲ ရောက်လာတယ်..။ ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထဲ အလင်းဖြူတွေ ပြောတဲ့စကားနဲ့ ခရမ်းရင့်ရောင် ရင်ခုန်ခြင်းတွေ မွေးဖွားလိုက်တဲ့နောက်တော့ ရွှေရောင်လက်ဖွာနေတဲ့ အိပ်မက်ဦးမှာ အစိမ်းရောင်နတ်သမီးစောင့်ကြပ်နေခဲ့တယ်..။ နီပုပ်ပုပ် စိတ်အကျဉ်းတိုက်ရဲ့ ကြည်လင်ပြတ်ရှနေတဲ့ မျက်ရည်ကြည်တို့ကြားမှာ ခြားနားခြင်းဆိုတာ ရင်ခွင်တံခါး ရိုက်ချိုးခံလိုက်ရတော့မှ သိတယ်..။

ဒီလိုပါပဲလေ..။ ကျွန်တော့်မှာ ပိုင်ဆိုင်မှုဆိုတာတွေ အားလုံးက အဆိုပါ စကားလေးသုံးလုံးရဲ့နောက် ကောက်ကောက်ပါအောင် ရုန်းကြွသွားခဲ့ပြီပဲ..။ ကျွန်တော်ကိုယ်တိုင်က မျှော်လင့်ချက်ဆိုတဲ့အသီးကိုမှ ပိုင်ဆိုင်ချင်မိတာကိုး..။ ရပါတယ်..။ ကျွန်တော် ဘာဖြစ်ချင်နေတယ်ဆိုတာကို မသိလောက်အောင် အရောင်တွေအစွမ်းကုန် ပွင့်အာ.. ထူမတ်မထားနိုင်လောက်အောင် ခွေလဲ.. အဆုံးအစမဲ့ လွင့်ကျနေခဲ့တာကို ကျွန်တော့်ဆင်ခြင်ဥာဏ်က လိုက်လို့မသိပြန်ဘူး ဖြစ်နေသေးတယ်..။ အသည်းကွဲခြင်း လင်္ကာတစ်ပုဒ်ကို ဘယ်သူက ပြည့်ပြည့်ဝဝ ဖော်ကျူးပြခဲ့ဖူးလို့လဲ..။ ကျွန်တော် လက်တွေ ခြေတွေ ချိုးကြည့် တွက်ကြည့် .. ကောင်းကင်က ကြယ်တွေကို စစ်ကူအဖြစ် ထည့်ပေါင်း တွက်ကြည့်.. ဒီလိုနဲ့ အမှတ်မရှိတဲ့ လူတစ်ယောက်က သိပ်ချစ်တယ် ဆိုတဲ့စကားကို သော့ခတ်သိမ်းထားဖြစ်ချင်မှ သိမ်းထားဖြစ်ဦးမယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Apr 24 2010

String of Art

ဂစ်တာလေးအကြောင်း ပြောချင်တယ်..။ ဒီဂစ်တာလေးမှာ တပ်ထားတဲ့ ကြိုးလေးတွေက သံစဉ်လှလှလေးတွေ ထွက်တယ်..။ ခံစားချက် နရီကြောင့် ကျယ်ကျယ်လောင်လောင် မြည်ဟည်းတတ်တယ်..။ ကိုယ်ဆွေးရင် ဒီဂစ်တာလေး လိုက်ဆွေးတယ်..။ ကိုယ်စိတ်ညစ်ရင် ဒီဂစ်တာလေး လိုက်ညစ်တယ်..။ ကိုယ်တက်ကြွရင် ဒီဂစ်တာလေး လိုက်တက်ကြွတယ်..။ တစ်ခါတစ်ခါ ကိုယ်သိပ်အထီးကျန်ရင် ကိုယ့်ရင်ခွင်မှာ သူ့ကို ပိုက်ထွေးထားတယ်..။ ဒီလိုနဲ့.. ခံစားချက်တွေ အနုပညာ ဖြစ်လာတဲ့အခါ.. ကြိုးတွေရဲ့ ပေါင်းစပ်မှုက အနုပညာဖြစ်လာတယ်..။ ကိုယ်လည်း အနုပညာဖြစ်လာရင် သိပ်ကောင်းမှာပဲ..။

VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark