May
15
2010
နေမင်းကြီးကပြောတယ်..။ မင်းအိပ်ယာထတော့တဲ့..။ ကျွန်တော် မုန်းလိုက်တာ..။ အမှန်တော့ ကျွန်တော့်ချစ်သူအကြောင်းကို အိပ်ယာထတဲ့အချိန် သိပ်မပူသေးဘဲ အိပ်ယာထဲကွေးရင်း ချစ်သူအကြောင်း တွေးရတဲ့အရသာက တိမ်တွေစီးရင်း ကောင်းကင်ပြာပြာကို ကြည့်နေရသလိုပဲ..။

Good Morning
သိတဲ့အတိုင်း အပူချိန်လွန်ကဲနေတော့ ရေဆိုတာ သောက်လေငတ်မပြေဘဲ..။ သြော် ခက်ပါ့ လောကကြီး..။

Thirsty
စားဖို့အကြောင်း စဉ်းစားတော့.. မန္တလေးသား ကျွန်တော် ပဲပြုတ်ထမင်းနဲ့ သရက်ချဉ်က မနက်စောစော ဗိုက်အာသာဖြေပေါ့..။ သြော်.. မေ့လို့..။ ကြက်ဥကြော်လည်း ပါတယ်..။

Breakfast
စာအုပ်တစ်အုပ် ဖတ်ဖူးတယ်..။ လူတွေဟာ 3 dimension ထဲကနေ ရုန်းမထွက်နိုင်ဘူးတဲ့..။ အလျား ကြိုက်သလောက် ရှည်ထွက်ခွင့်မရှိဘူး..။ အနံကြိုက်သလောက် ကျယ်လွင့်ခွင့်မရှိဘူး..။ အမြင့် ကြိုက်သလောက် မြင့်တက်လို့မရဘူး..။ အတိုင်းအတာတွေ ဘောင်တွေကြားမှာ ပိတ်မိနေတယ်တဲ့..။

Bounded Life
လက်မှုပညာနဲ့ အသက်မွေးဖို့ စဉ်းစားခဲ့ဖူးလား..။ အမှန်အတိုင်းပြောရရင် ကျွန်တော် သိပ်စဉ်းစားလို့ မရခဲ့ဘူး..။ အဆပ်အဟပ် တည့်.. အချိုးအစားလှ.. သပ်ရပ်မှုတွေရှိရသေးတယ်..။ စိတ်ကောလက်ကော ပင်ပန်းလိုက်မယ့်ဖြစ်ခြင်း..။ ကျွန်တော်သိရသလောက် ကျွန်တော့်စိတ်ထဲကနေ ဖန်တီးချင်ဖန်တီးကြည့်နိုင်ပေမယ့် လက်တွေကနေ ဖန်တီးဖို့ သိပ်မလွယ်လှ..။

Build with HAND
ပူလောင်ခြောက်ကပ်နေတဲ့နေရာမှာ အိုအေစစ်ကလေးတစ်ခု ရုတ်တရက်တွေ့လိုက်ရင် စိတ်ထဲ ဘယ်လိုနေမလဲ..။ ကျွန်တော် အသေးစိတ် လိုက်မသိချင်တော့ဘူးရယ်..။ ပုံမှန်တော့ အားလုံး ကြည်လင်လတ်ဆတ်တဲ့ ခံစားချက်လေးတွေ ရသွားမယ်ထင်တယ်..။ ကျွန်တော်ကော..။ ကျွန်တော်လည်း ခြောက်ကပ်ကပ်နိုင်တဲ့ နေရာတစ်ခုမှာ အခုလိုတွေ့တော့ လာခဲ့ရတဲ့နေရာတွေတောင် မေ့သွားတယ်..။

Green, Red, Blue
နေဝင်ပြီ..။ မီးဖွင့်လိုက်တော့မယ်..။ ဒီလိုနဲ့ ကျွန်တော်တို့မှာ သဘောဝတရားကြီးက ပေးတဲ့ အလှတရားတွေ ကျောခိုင်းချုပ်ငြိမ်းလိုက်ကြတယ်..။

Light me UP!
ညီမင်းစံ
VN:F [1.8.8_1072]
Rating: 10.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
8 comments | posted in Diary, Landscape, Photo Essay, Photography, Street Life
May
4
2010
ဧရာဝတီဟာ တသွင်သွင် စီးမျောရင်း မန္တလေးဆိုတဲ့ မြို့ဘေးကနေ ဖြတ်သန်းသွားတယ်..။ ဟိုး မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်တွေဆီက စီးဆင်းလာတဲ့ သွေးကြောမကြီးက သန်းချီတဲ့ လူတွေရဲ့ မနက် ညနေ ည အချိန်တွေရဲ့ အချိန်ကာလနဲ့ အသက်ရှူသံတွေကို ထုဆစ်တယ်..။ တစ်နေရာစီ တစ်ဖက်စီ ဝေးနေလှမ်းနေပေမယ့် မြစ်ရေကြောကို ဖြတ်လို့ သွေးချင်းနီးခဲ့ရတဲ့ သာဓကတွေနဲ့ ရာဇဝင်ပေါင်းများစွာ ဧရာဝတီမှာ စီးပျော်ဝင်နေခဲ့တယ်..။

ဧရာဝတီ ဖြတ်သန်းခဲ့တဲ့ နေရာတွေထဲက အလည်ပိုင်းတစ်နေရာဖြစ်တဲ့ မြို့မန္တလေးလည်း အပါအဝင်ပဲပေါ့..။ ကမ်းနှဖူးပေါ်က စီရရီ ဘုရားတွေကို ရိုကျိုးဦးတိုက်နေတဲ့ ဧရာဝတီက ကျွန်တော့်အမြင်မှာ သိပ်ကို သိမ်မွေ့လွန်းနေတယ်..။

ဧရာဝတီကို တည်မှီပြီး ဖြစ်လာတဲ့ ဘုရားပွဲလေးတွေ ရှိတယ်..။ လောကဇာတ်ခုံမှာ ဧရာဝတီရဲ့ ကပြကွက်တွေအပြင် လူတွေရဲ့ သူ့နေရာနဲ့သူ ကပြမှုတွေကလည်း ကဗျာတစ်ပုဒ်နဲ့ ဆင်ဆင်တူနေတယ်..။ ဖုန်တွေ တလုံးလုံး ထနေတဲ့ မြစ်ကမ်းနှဖူးက ရွှေကြက်ယက်ဆိုတဲ့ ဘုရားပွဲလေးမှာ ရုန်းကန်နေတဲ့ လူတချို့ကို တွေ့မိတယ်..။ အိုးကောင်းတစ်လုံးရဖို့အတွက် နာနာရိုက်ရ မီးမြိုက်ရတာတွေ လုပ်ရတယ်..။ အိုးကောင်းဖြစ်ဖို့ အိုးသည်ရဲ့ ထိန်းကျောင်းမှု ကောင်းရသေးတယ်..။ လူ့လောကကြီးမှာလည်း ဒီအတွက် ပုံခိုင်းနှိုင်းပြီး ဆိုဆုံးမတတ်ပေမယ့် တကယ့်တကယ်တမ်း အထုအထောင်း အပူအလောင်တွေကြားက ထူသားပေသား ကျလာတဲ့ လူသားတစ်ယောက်အတွက် ရင်ဘတ်ထဲက ခံစားချက်နဲ့ ဦးနှောက်ထဲက အသိပညာရေကြည်က အသုံးချစရာအကောင်းဆုံးပဲ..။

ပွဲတော်က ပူလို့ထင်တယ် သိပ်မစည်ကားလှ..။ လူတွေတစ်ယောက် တစ်မျိုးစီ..။ အရောင်တွေကိုယ်စီ ဝတ်ထားတယ်..။ အပြုံးတွေ တပ်ထားတယ်..။ တချို့ မျက်လုံးတွေက ဝမ်းက ငတ်လို့ ငတ်ပြနေတယ်..။ တချို့ အိပ်မက်တွေ ချိန်ခွင်ထဲ ထည့်ချိန်ကြတယ်..။

ပြင်ပ ပူလောင်မှုကို ဘယ်လိုအရာတွေနဲ့ ဖြေသိမ့်မလဲ..။ အေးမြတဲ့ ရေကြည်တစ်ပေါက်က ကိုယ့်အတွက် အားတွေအင်တွေ ဖြစ်စေနိုင်မလား..။ ကျွန်တော် မသောက်ခဲ့ရပေမယ့် မြင်မိတဲ့ကျွန်တော့်အတွက်တော့ အေးမြမှုတွေ ဓါတ်ကူးလို့..။ အေးစေဖို့ ရောင်းတဲ့ သူ့အတွက်တော့ နွေပူပူက ဘာတွေပေးမလဲ..။ သူ့ရဲ့ အိမ်တွင်းရေးက ဘာတွေပေးမလဲ..။ သူ့ရဲ့ ဘဝက ဘာတွေပေးမလဲ..။ အဝါရောင်အိပ်မက်တွေအတွက် သူဘာတွေ ပြောပြနိုင်မလဲ..။

တောက်လောက်လွန်းတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် သစ်ရိပ်ဝါးရိပ်ကလေးတွေက တန်ဘိုးတစ်ခု ဖြစ်စေတယ်ဆိုရင် ဦးထုပ်တစ်လုံး တန်ဘိုးလည်း ဈေးနဲ့ ဖြတ်ဖို့ လွယ်မယ် မထင်မိတော့ပါ..။ ယပ်တစ်ချောင်းရဲ့ တန်ဘိုးကို ငွေနဲ့ ဖြတ်လို့ မလွယ်တော့ပါ..။ ကျွန်တော် ဦးထုပ်တစ်လုံးလောက် အသုံးဝင်ပါ့မလား..။ ယပ်တစ်ချောင်းလောက် အေးမြစေပါ့မလား..။ ကျွန်တော်မသိပါ..။ အဲလိုအရာတွေနဲ့ ခိုင်းနှိုင်းကြည့်ဖို့ လိုသလား မလိုသလားဆိုတာလည်း ကျွန်တော် မရှင်းတတ်ပါ..။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝက တခြားသူတစ်ယောက် ဒါမှမဟုတ် အများအတွက် ပူနေစေတယ်ဆိုဦးတော့..။ ကောင်းနိုင်ပါ့မလား..။

ပစ္စည်းတစ်ခုရဲ့ စတင်ခြင်းကို ဘယ်က စသလဲဆိုတာ စူးစမ်းလို့ ရနိုင်ပေမယ့် လူသားတစ်ယောက်ရဲ့ အစ ကို ဘယ်က စ နိုင်မလဲဆိုတဲ့မေးခွန်းက ဖြေရကြပ်စေပါတယ်..။ ယူငင်သုံးသပ်ပြတဲ့ ဘက်တွေ မတူသလို အစောင်စောင်သော ကျမ်းကြီးကျမ်းငယ်တွေ ချကာ ငြင်းလို့ လူသားကို လူသားခြင်း တန်ဘိုးဖြတ် မေးခွန်းထုတ် ဆန့်ထွက်တွေးယူလို့ ပူလောင်နေကြတယ်..။ လူသားတစ်ယောက် ဖြစ်လာဖို့အတွက် ပိုင်ဆိုင်မှု လေးခုပဲရှိတယ်..။ ကိုယ် စိတ် ဂုဏ် ပစ္စည်း တွေပဲ..။ လိုနေတာဖြည့်ရင်း ကျင်လည်ရာ ဘဝမှာ မှတ်တိုင်တွေ ဖြစ်ကုန်မယ် ထင်ပါရဲ့..။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အတွက် ဝမ်းစာရှာဖွေခြင်းဆိုတာ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်မယ် မြင်ရပေမယ့် ဘဝက ပေးတဲ့ သင်္ခန်းစာတွေက တစ်ခါတလေတော့ ဆေးခါးကြီးဆိုတာ မမေ့သင့်ဘူးလေ..။ ပညာတွေ မိုးလောက်တတ်ထားနိုင်ဦးတော့ တတ်ထားတဲ့ ပညာတွေ အသုံးမချနိုင် အသုံးချဖို့ အခွင့်မရနိုင်ရင် ကိုယ်တတ်မြောက်ထားခြင်း ဆိုတာ ဖြုန်းတီးပစ်ခြင်း တစ်မျိုးပဲ..။
နေပူပူ မြေပူပူပါ မိုးခါးရေအိပ်မက်က ကလေးတွေဘဝကို ဘယ်လောက်ထိ လှိုက်စားနေမလဲဆိုတာ.. ကျွန်တော် မတွေးတတ်ပါ..။ ဒါပေမယ့် ဖြေသိမ့်ရတယ်..။ အကြော်လေးတွေဖြစ်လာရင် သူ့အမော တချို့တစိတ်တော့ ပြေလောက်ရောပေါ့..။

ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရရင် လူတွေ ပျော်ကြသတဲ့..။ ရောင်းသူရောင်း ဝယ်သူဝယ် သောက်သူသောက် ပျော်သူပျော် ဆော့သူဆော့ ငေးသူငေး သူ့တရားနဲ့သူ စီရင်ထားတဲ့ ဇာတ်ထုပ်တစ်ခုမှာ ကျွန်တော်ဘယ်ထောင့်နားဆီမှာ ရှိနေပါလိမ့်..။ ကိုယ်တိုင် ကပြတဲ့ အော်ပရာ မဟုတ်လေတော့ ကျွန်တော် နေရာ ရ ပါ့မလားဆိုတာ တွေးနေစရာ လိုမယ်မထင်ပေမယ့် နေရာတစ်နေရာမှာ အလံတစ်ခုခု စိုက်ပြရင် ကြွေးကျော်ခွင့်ရဖို့ စောင့်စားရင်း အပြာရောင်ကောင်းကင်ပေါ်မှာ မီးခိုးငွေ့ဖြစ်သွားတဲ့ သူတွေအကြောင်း စာတမ်းတစ်စောင် ရေးစရာ လိုမယ်မထင်ပါဘူး..။

ဒီလိုနဲ့ ဒီလိုနဲ့..။
ကျွန်တော်တို့တွေ ဖူးကြ ပွင့်ကြ.. ကျွန်တော်တို့တွေ နွမ်းကြ ကြေကြ.. ကျွန်တော်တို့တွေ… ….။
—
ဧရာဝတီသို့..
VN:F [1.8.8_1072]
Rating: 10.0/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
13 comments | tags: Landscape, Life, Mandalay, Mandalay Photo, Myanmar, Myanmar Photo, Photography | posted in Documentary, Items, Landscape, Photo Essay, Photography, Story, Street Life
Apr
24
2010

ဂစ်တာလေးအကြောင်း ပြောချင်တယ်..။ ဒီဂစ်တာလေးမှာ တပ်ထားတဲ့ ကြိုးလေးတွေက သံစဉ်လှလှလေးတွေ ထွက်တယ်..။ ခံစားချက် နရီကြောင့် ကျယ်ကျယ်လောင်လောင် မြည်ဟည်းတတ်တယ်..။ ကိုယ်ဆွေးရင် ဒီဂစ်တာလေး လိုက်ဆွေးတယ်..။ ကိုယ်စိတ်ညစ်ရင် ဒီဂစ်တာလေး လိုက်ညစ်တယ်..။ ကိုယ်တက်ကြွရင် ဒီဂစ်တာလေး လိုက်တက်ကြွတယ်..။ တစ်ခါတစ်ခါ ကိုယ်သိပ်အထီးကျန်ရင် ကိုယ့်ရင်ခွင်မှာ သူ့ကို ပိုက်ထွေးထားတယ်..။ ဒီလိုနဲ့.. ခံစားချက်တွေ အနုပညာ ဖြစ်လာတဲ့အခါ.. ကြိုးတွေရဲ့ ပေါင်းစပ်မှုက အနုပညာဖြစ်လာတယ်..။ ကိုယ်လည်း အနုပညာဖြစ်လာရင် သိပ်ကောင်းမှာပဲ..။
VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
9 comments | tags: Essay, Guita, Myanmar Photo, Photo Essay, Photography | posted in Essay, Items, Photo Essay, Photography
Feb
17
2010

Left Behind
အားလုံးကို ကျောခိုင်း..
ငါ့တက်ကိုကိုင် …
ငါ့လှေကိုလှော်တယ်..။
ငါ့အနာဂါတ်တို့ ရွှေမြေဆီ..။
VN:F [1.8.8_1072]
Rating: 8.8/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
9 comments | tags: Landscape, Life, Mandalay, Myanmar, Myanmar Photo | posted in Photo Essay, Photography, Street Life, urban
Oct
17
2009

မြစ်ထဲမှာနေရင်း လှော်ခတ်ရုန်းကန်နေရတဲ့ ဘဝတွေရဲ့ အေးချမ်းမှုက ဘာတွေလဲ..။ တစ်ယောက်နဲ့ တစ်ယောက် အမျိုးမတူတဲ့ ခံစားချက်တွေ အသက်ရှူသံတွေကြား ဘယ်သူတွေ ဘယ်လိုလှုပ်ရှားရှင်သန်နေကြသလဲ..။ မနက်မိုးလင်းရင် ဆာလောင်လာမယ့် ဝမ်းဗိုက်တွေအတွက် ရေပြင်ကနေ ငွေလမ်းခင်းဖို့ ကြိုးစားအားထုတ်ရမှာ တစ်နေကုန်..။ သဘာဝတရားကို အံတုဖို့ ယှဉ်ပြိုင်ကြတဲ့နေရာမှာ လူတွေရော သစ်ပင်တွေပါ အားလုံးပါတယ်..။ အကိုင်းအခက် အတက်အလက် မရှိတော့တဲ့ သစ်ပင်တစ်ပင်လည်း ဘယ်လောက်ထိ လောကဓံတရားနဲ့ နှစ်ပါးသွားနေမလဲ..။ အလံထူ အလဲထိုးမယ့် လူသားဆိုတဲ့ သက်ရှိကကော ဘယ်လောက်အထိ ရုန်းကန်နေမလဲ..။
VN:F [1.8.8_1072]
Rating: 7.4/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +5 (from 5 votes)
8 comments | posted in Photo Essay, Photography