Sep 30 2008

စကားမစပ် အက်ဆေးများ (၁)

ဒါနဲ့စကားမစပ်

လူဆိုတာ ပုခက်အတွင်းကနေ သင်္ချိုင်းတွင်းထိ ပညာရှာတဲ့အလုပ် ပညာသင်တဲ့အလုပ်ကို တော်တော်လေး လုပ်ရပါတယ်..။ သင်ယူခြင်းအကြောင်း ပတ်သတ်လို့ ဘိတ်ဆန် ပြောတာလေး ကောင်းပါတယ်..။ သင်ယူတယ် ဆိုတာ ငါယူတာ မဟုတ်တဲ့ကိစ္စ ပြောတာ မဟုတ်ပါဘူး..။ Learning ကို ဆိုလိုချင်တာပါ..။ ဘိတ်ဆန်က ဘာပြောသလဲဆိုတော့ သင်ယူတာ (learning) လုပ်တာဟာ ပြဿနာ တစ်ခု ဖြေရှင်းဖို့အတွက်ပဲ..။ အဲဒီပြဿနာကို ဖြေရှင်းဖို့သင်ယူတတ်အောင် လေ့ကျင့်ဖို့ လိုတယ်ဆိုပါတယ်..။ သူပြောတာ လက်တွေ့ကျပါတယ်..။

နောက်တစ်ယောက် ရီဗင်ကတော့ Action Learning ကို ပြောပါတယ်..။ အကောင်းဆုံး သင်ယူခြင်းက လက်တွေ့ဘ၀မှာ ပြဿနာနဲ့ရင်ဆိုင်ဖြေရှင်းခြင်းပဲ.. စာသင်ခန်းထဲမှမဟုတ်ဘူး ဆိုပါတယ်..။ ဒီလိုသင်ယူမှုမျိုး ပြောမယ်ဆို မြန်မာပြည်မှ သိပ်မတွေ့ရပါဘူး..။ လက်ရှိပညာသင်စနစ်နဲ့ နည်းနည်းကိုက်နေတာက စကင်နာ ပြောတဲ့ကိစ္စပါ..။ သင်ယူခြင်းဆိုတာ လေ့ကျင့်ပေးတာကနေ အလိုအလျောက်တုန့်ပြန်မှုရှိလာတာကို ခေါ်တာဆိုပဲ..။ ဥပမာ ကျောင်းမှာ ဆရာမက ပုစ္ဆာတစ်ပုဒ် ကျောက်သင်ပုန်းမှာ ချရေးတယ်..။ ဒါကို နောက်က ကျောင်းသားတွေ လိုက်ကူးတယ်..။ သုံးလလောက်နေတော့ စာမေးပွဲစစ်တဲ့အချိန် အဲဒီပုစ္ဆာမျိုး ပါလာရင် ကျောင်းသားတွေ ချရေးလိုက်တယ်..။ ပထမတစ်ကြိမ် ကျောက်သင်ပုန်းကနေ ကူးရေးလိုက်တာနဲ့ ဒုတိယတစ်ကြိမ် စာရွက်ထဲမှာ အလွတ်ရေးလိုက်တာ တူညီရင် သင်ယူခြင်း ပြီးမြောက်သွားပါတယ်..။

ကျောင်းသားမှာ ကိုယ်ပိုင်ဥာဏ်စွမ်းနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းထားတာမျိုး မရှိဘူး..။ ပြဿနာနဲ့ ကင်းကွာနေတယ်..။ လက်တွေ့ဘ၀ ပြဿနာကို ရင်ဆိုင်ရတဲ့အချိန်မှာ သူပြင်ပက လေ့လာသင်ယူမှု မရှိထားဘူးဆိုရင် တုန့်ပြန်ချက်တွေ တလွဲဖြစ်ကုန်ပါတော့တယ်..။ ဘယ်လိုနည်းစနစ်မျိုးနဲ့ ကိုယ်သင်ယူခဲ့လဲ..။ ဘယ်လိုနည်းစနစ်မျိုးနဲ့ ကိုယ်ဆက်သင်ယူမလဲ..။ ကျွန်တော် ဘိတ်ဆန် ပြောတဲ့ သဘောထားကို ပိုလက်ခံမိပါတယ်..။

ဒါနဲ့စကားမစပ်

ကျွန်တော်တို့ သွားနေလာနေကျ လမ်းဘေးက တံတိုင်းနေရာလွတ်တွေမှာဖြစ်ဖြစ်၊ အိမ်နံရံတချို့မှာပဲဖြစ်ဖြစ် ရေးထားခြစ်ထား အရုပ်ဆွဲထားတာလေးတွေ တွေ့ရတတ်ပါတယ်..။ ဆွဲချင်တဲ့သူက သူ့စိတ်ကူးပေါက်ရာ ဆွဲချင်သလို ဆွဲသွားတာပါ..။ ရေးချင်တဲ့စာကို ဒီဇိုင်းပုံမျိုးစုံဖော်ပြီး ရေးချင်သလိုလည်း ရေးသွားတတ်ပါတယ်..။ ဒါ အနုပညာတစ်ခုပါ..။ ညီမင်းစံတစ်ယောက် ကပ်ကပ်သပ်သပ် ပြောနေတာ မဟုတ်ရပါဘူး..။ အီဗော်လူးရှင်းသမားတွေအတွက် ပြောရရင်တော့ ရှေးလူတွေ ဂူနံရံမှာပုံတွေဆွဲ တွန့်တွန့်ကောက်ကောက် စာတွေရေးခဲ့တာလည်း အဲဒီအနုပညာအောက်မှာ ပါဝင်ပါတယ်..။ ပြောရရင် အဲဒီအနုပညာက ရောမအင်ပါယာလက်ထက်မှာလည်း ရေးဆွဲကြတာပါပဲ..။ အရောင်တွေ ဆေးတွေနဲ့ ကျောက်နံရံတွေမှာ စာတွေနဲ့ စာထက်တင်နိုင်ခဲ့လို့သာ အခုခေတ် ပညာရှင်တွေ အဲဒီဟာတွေကနေတဆင့် ခေတ်ကာလတစ်ခုရဲ့ ယဉ်ကျေးမှု လူနေမှုတွေကို ခန့်မှန်းနိုင်တာပါ..။ ထားပါ..။ ဒါတွေ ပြောမလို့မဟုတ်ပါဘူး..။ ပြောချင်တာက Graffiti Art ကိုပြောချင်တာပါ…။

Graffiti ဆိုတဲ့စာလုံးက အီတလီဘာသာစကား စာလုံးကနေ ဆင်းသက်လာတာပါ…။ Graffito ဆိုတာကနေ လာတာပါ..။ အီတလီဘာသာစကားအရတော့ အဲဒီစာလုံးက “ခြစ်” ဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ်..။ မျက်နှာပြင်တစ်ခုပေါ်မှာ တုတ်ချောင်း သံချွန်တွေနဲ့ ရေးခြစ်တာမျိုးကို ဆိုလိုတာပါ..။ Graffiti ဆိုတာကတော့ နံရံလိုမျက်နှာပြင်မျိုးမှာ တောင်ခြစ်မြောက်ခြစ် စာတွေအရုပ်တွေကို ရေးခြစ်ထားခြင်းလို့ ဆိုလိုပါတယ်..။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူသွားလူလာများတဲ့နေရာတွေ ဥပမာ ဘုရားစောင်းတန်းတို့.. ဥယျာဉ်တို့လို နေရာတွေမှာ စာတွေရေးသွားတတ်ပါတယ်..။ ဘယ်နေ့ကတော့ ဘယ်အဖွဲ့ရောက်လာတယ်.. ဘယ်သူ့ကို ချစ်တယ်.. ဘယ်သူ့ကို မုန်းတယ်.. စသည်ဖြင့် တွေ့နေရတာတွေလည်း အဲဒါ Graffiti အောက် အကျုံးဝင်ပါတယ်…။ ဒါပေမယ့် တန်ဘိုးရှိတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာမျိုးတွေမှာ ဒီလိုအနုပညာပြကွက်တွေ လုပ်တာမျိုးတော့ ကျွန်တော်လည်း အားမပေးချင်ဘူး..။

New york လိုနေရာမျိုးမှာ ဒီအနုပညာ အများဆုံး ထွန်းကားပါတယ်…။ အခုနောက်ပိုင်း နံရံပေါ်ရေးကြတဲ့ စာတွေ ဒီဇိုင်းပုံတွေ ပန်းချီတွေဟာ နေရာတော်တော်လေးယူလာကြပါတယ်..။ အဆောက်အဦး Decoration လုပ်ချင်တာပဲဖြစ်ဖြစ် Live Show Concert လုပ်ချင်တာပဲဖြစ်ဖြစ် ဒီအနုပညာနဲ့ဖြည့်သွင်းလုပ်ကိုင်လာကြတော့ အနုပညာပုံစံ ပြောင်းလာပါတယ်…။ ဒါ့အပြင် Hip Hop တွေ DJ တွေကလည်း သရုပ်သကန်သွင်းယူလာပါတယ်…။ သာမန် ဆေးရေးတာမျိုးနဲ့ ရေးခြစ်ကြတော့တာ မဟုတ်ဘဲ မှုတ်ဆေးဘူးတွေ ကာလာမျိုးစုံ စပ်ဟပ်အသုံးချပြီး 3D ပုံစံ ရုပ်ကြွဒီဇိုင်းတွေ ရုပ်ပုံတွေပါ ရေးဆွဲလာပါတယ်..။ နမူနာ တချို့တော့ အောက်မှာရှုပါ..။ အခုဆို www.graffiti.org ဆိုတဲ့ ဆိုက်ဒ်မှာ ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေရဲ့ ဖန်တီးထားတဲ့ လက်ရာတွေကို တွေ့နိုင်ပါတယ်..။

ဒါနဲ့စကားမစပ်

ဖားပိန်ကလေးရဲ့
အရှုံးမပေးလိုက်ပါနဲ့
အစ်စရှိတယ်ကွဲ့။ ။

ဒါ ကဗျာပါ..။ ဘာကဗျာတုန်းဆိုတော့ ဂျပန်ဟိုက္ကူကဗျာပါ..။ ရေးတဲ့ကဗျာဆရာနာမည်က ကောဘယရှိ အစ်စ ပါ..။ ဟိုက္ကူကဗျာငယ်လေးတွေဖတ်ရတာ စိတ်ချမ်းသာတယ်..။ လင်းလက်ပြီး စင်ကြယ်ကြစ်လျစ်တဲ့ အတွေးလေးတွေ ဆွပေးနိုင်တယ်..။ ဒီကဗျာလေးကို ကျွန်တော်ဖတ်ရတော့ ခံစားချက်လေးတစ်ခုရတယ်..။ ကဗျာရေးသူဟာ အားနည်းသတ္တ၀ါလေးကို အားပေးတယ်..။ နိမ့်ကျတယ်ဆိုတဲ့ လှောင်ရယ်သံမပါဘူး..။ အားအင်ချိနဲ့နေတဲ့ ဖားပိန်လေးတစ်ကောင်ကို သူ ဖြူဖြူစင်စင်နဲ့ အားပေးတာ..။ သူရှိတယ်..။ အရှုံးမပေးနဲ့..။

လောကမှာ အင်အားကြီးသူရှိတယ်..။ အင်အားနည်းသူ ရှိတယ်..။ ဒါ လောကဓမ္မတာပါ..။ အင်အားကြီးသူက အင်အားနည်းသူကို ဖေးကူစောင့်ရှောက်ပေးမယ်ဆိုရင် လောကကြီးလှနေမယ်..။ နိမ့်ကျနေတဲ့သူကို ဆွဲတင်မယ်..။ အားနည်းသူကို လှောင်ရယ်ဟားတိုက်မယ့်အစား ဖေးကူမှုလေးတွေ ပေးရမယ်..။ ပြည့်စုံချမ်းသာတဲ့ အောင်မြင်မှု ဂုဏ်ပကာသနတွေဟာ မောက်မာကြွားဝါဖို့မဟုတ်ဘဲ အားနည်းသူတို့ကို ထိုက်သင့်သလောက် ဖေးကူဖို့အတွက်ပါ..။ အားငယ်/အားနည်း နေတဲ့မိတ်ဆွေတွေကို အရှုံးမပေးဘဲ အားထုတ်ကြိုးပမ်းဖို့အတွက် တိုက်တွန်းပေးဖို့ ကဗျာလေးက ပြောနေတယ်..။

ညီမင်းစံ

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark