ဓမ္မရံကြီးဘုရား
Dark to Light
exit
ထွက်ပေါက်ဆိုတာ ရှိတယ်..။ အလင်းရောင်ရှိတဲ့နေရာတွေက ထွက်ပေါက်တွေလေ..။ တစ်ခုခုမှာ ချောင်ပိတ်မိနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်ဆိုရင် စိတ်ကိုတည်ငြိမ်အောင်ထားပါ..။ ဒုတိယအဆင့်အနေနဲ့ ကိုယ်ချောင်ပိတ်မိနေသလား စဉ်းစားပါ..။ ချောင်ပိတ်မိနေတယ် ထွက်ပေါက်ကို ရှာဖို့လိုတယ်ဆိုရင်တော့ အလင်းရောင်ရှိတဲ့နေရာကို ရအောင်ရှာပါ..။ အလင်းဟာ ကိုယ်ဖြစ်နေတတ်သလို ကိုယ်ကတွေ့တာလည်း ဖြစ်ချင်ဖြစ်နေတတ်ပါတယ်..။ အဓိကက ထွက်ပေါက်တစ်ခုကို ရှာတွေ့ပြီး အကျဉ်းအကျပ်ဘ၀က လွတ်မြောက်ဖို့ပဲ..။
လူတွေ တစ်နေရာကနေတစ်နေရာ တစ်မျိုးကနေနောက်တစ်မျိုး တစ်ဆင့်ကနေ နောက်တစ်ဆင့်ရောက်အောင်ဖြစ်အောင် ကြိုးစား ရုန်းကန်ရတယ်..။ ပိန်းပိတ်အောင်မှောင်နေတဲ့ နေရာမှာပဲဖြစ်စေ ထွက်ပေါက်ကိုရအောင်ရှာဖို့အတွက် အလင်းတွေက ကူလိမ့်မယ်..။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ထွက်ပေါက်က ကိုယ်နဲ့သင့်သမလား မသင့်ဘူးလားဆိုတာတော့ ကိုယ်ကိုယ်တိုင်က ဆုံးဖြတ်ချက်ချရလိမ့်မယ်..။
ဒီပုံကို ပုဂံမှာတုန်းက ရိုက်ထားတာပါ..။ ရင်ထဲ ခံစားချက်လေး တစ်ခုဝင်လာတာနဲ့ပဲ ခလုတ်နှိပ်လိုက်မိပါတယ်..။ ခရော့ပင်ကလွဲရင် များများစားစား ပြင်ဆင်ထားခြင်းမရှိပါဘူး..။ Idea လေးတစ်ခုအတွက် ဒီပုံလေးကို ရွေးချယ်မိတာပါ..။
ပုဂံသွားတုန်းက – ၁
ကျွန်တော်ရယ် ကိုသခင်ကြီးရယ် ကိုမောင်လှရယ် သုံးယောက် ပုဂံသွားဖြစ်ကြပါတယ်..။ မန္တလေးမှာတုန်းကလည်း ကျွန်တော်တို့သုံးယောက်ပေါင်းပြီး ဒီလိုကြံဖန်ပြီး outdoor ထွက်နေကြပါ..။ အခုတစ်ခေါက်က သုံးယောက်ပေါင်းပြီး ပထမဆုံး ခရီးရှည်ထွက်ပြီး ဓါတ်ပုံရိုက်ရခြင်းပါပဲ..။ ကိုမောင်လှက ရုံးကိစ္စတွေနဲ့ ရန်ကုန်ကိုရောက်နေပါတယ်..။ ရန်ကုန်မှာတုန်းကတည်းက gtalk မှာ အဆက်အသွယ်ရတော့ မင်းရယ် ကိုသခင်ကြီးရယ် ပုဂံကိုဆင်းလာခဲ့ပါလား.။ ငါက ရန်ကုန်ကနေ ပုဂံမှာစောင့်မယ်..။ ဓါတ်ပုံရိုက်ရအောင်..။ ရုံးကလည်း ခွင့်ရတယ်လို့ ပြောလာပါတယ်..။ ကျွန်တော် စိတ်ဝင်စားပါတယ်..။ ဒါပေမယ့် ငွေမရှိ။ သူတို့အနေနဲ့က အသက်အရွယ်ရော ပညာရော ငွေကြေးရောက ကျွန်တော့်ထက် သာပါတယ်..။ ကျွန်တော်က ဘာမှဟုတ်တိပတ်တိ သိပ်မတတ်လှတဲ့ web site design လေးတွေ ရေးနေတဲ့သူပါ..။ ဒါပေမယ့် အိမ်ကို ဇွတ်တောင်းတော့ ပေးလိုက်ပါတယ်..။ ၇၀၀၀၀ ကျပ်ပါ..။ အဲ့ထဲက ၂၅၀၀၀ ကို tri-pod ၀ယ်တဲ့ထဲ ထည့်သုံးလိုက်ပါတယ်..။ မ၀ယ်လို့လည်း မဖြစ်ဘူး..။ လိုပါတယ်..။
ရုံးက MD ကို ခွင့်ယူလိုတဲ့အကြောင်းကြားစာတင်ပြီး ခွင့်တင်တော့ ခွင့်ရပါတယ်..။ ဒါနဲ့ပဲ ပုဂံခရီးစဉ်က စီစဉ်ဖြစ်သွားပါတယ်..။ ကိုမောင်လှ စီစဉ်ထားသလိုတော့ ဖြစ်မလာပါဘူး..။ သူက ပုဂံမှာကြိုစောင့်မယ်ဆိုတာကို မန္တလေးအထိ တက်လာပါတယ်..။ မန္တလေးကနေ ကျွန်တော်တို့သုံးယောက်စုံပြီးတော့ပဲ ဆက်သွားတော့မယ် ဆိုပါတယ်..။ ကားလက်မှတ်ကို မင်းစီစဉ်ပါဆိုပြီး တာဝန်ပေးပါတယ်..။ ကျွန်တော်နဲ့သိတဲ့ ကားလက်မှတ်အရောင်းဆိုင်ကို ဆက်သွယ်ဝယ်ယူခိုင်းတော့ ရွှေမန်းသူ ဆိုတဲ့ကားတွေ ပုဂံခရီးစဉ်ကို ပြေးပါတယ်..။ Express ကားတွေဖြစ်တဲ့အပြင် Air-con bus တွေလို့ လက်မှတ်ရောင်းသူက ပြောပါတယ်..။ ရွှေမန်းသူက အစိုးရက ၀န်ထမ်းသက်သာအနေနဲ့ပြေးဆွဲတဲ့လိုင်းဖြစ်ပါတယ်..။ လက်မှတ်က ၄၄၀၀ ပေးရပါတယ်..။ နေရာကောင်းကောင်းရပါတယ်..။ သို့သော် ကျွန်တော် သိပ်ပြီးမျှော်လင့်မထားပါဘူး..။ မကောင်းနိုင်ဘူးလို့ပဲ တွက်ထားပါတယ်..။ 16-11-08 ရက်နေ့အတွက် လက်မှတ်သုံးစောင်ဝယ်လိုက်ပါတယ်..။
ရထားကို မရွေးရတာက ရထားလက်မှတ်ဝယ်ယူရတာ နည်းနည်းခက်ပါတယ်..။ နောက်ပြီး ရထားက ညမှ ထွက်ပါတယ်..။ ဒါ့အပြင် ရထားနဲ့ခရီးသွားခဲ့ဖူးပါတယ်..။ မီးမရှိပါ..။ ဆိုက်ရင်လည်း မနက်အစောကြီး ဝေလီဝေလင်းကို ဆိုက်ပါတယ်..။ အခု ရွှေမန်းသူ ကားတွေက မနက်၈ နာရီဆို ထွက်ပါတယ်..။ ခရီးစဉ်တလျှောက် ၁၀နာရီလောက်မှာ တစ်ကြိမ် နေ့လည် ၁၂ နာရီလောက်မှာ တစ်ကြိမ် ရပ်နားပါတယ်..။ Express ကားသာဆိုပါတယ် ထုံးစံအတိုင်း လမ်းမှာ တွေ့သမျှလူတင်ပါတယ်..။ Air-con လည်း မအေးတော့ပါ..။ ကားထွက်ကတည်းက ပိတ်လိုက်ပါတယ်..။ တချို့ခရီးသည်တွေ မှန်တံခါးတွေဖွင့်ပါတယ်..။ အသက်ရှူကြပ်လို့ပဲလား မပြောတတ်ပါဘူး..။ ဒါပေမယ့် အညာကားလမ်းတွေတစ်လျှောက် ဖုန်တွေဝင်ပါတယ်..။
လမ်းတွေအကြောင်းပြောတော့ လမ်းတွေကို သတိရပါတယ်..။ ကျောက်ဆည်အလွန် တံတားဦးဘက်ကနေ ပတ်ပြီး မြို့သာ၊ မြင်းခြံကို ဖြတ်ပြီးသွားပါတယ်..။ လမ်းအတော်ဆိုးတဲ့နေရာတွေကို သတိထားမိပါတယ်..။ ဆိုးတာမှ အတော်ကိုဆိုးတာပါ..။ ကိုသခင်ကြီးကတော့ ဒါပုံမှန်ပဲလို့ ဆိုပါတယ်..။ တချို့နေရာတွေမှာ သဲချောင်းတွေဖြတ်ရပါတယ်..။ ကွေ့ပတ်ပြီးမောင်းပါတယ်..။
ကျွန်တော်တို့သုံးယောက်လုံး အရပ်ရှည်ပါတယ်..။ အဲဒါ ကားစီးတဲ့နေရာမှာ အဓိကတွေ့ရတဲ့ အခက်အခဲပါ..။ ဒူးနဲ့ရှေ့ခုံနဲ့ တိုက်နေပါတယ်..။ အတော်လေးကို ညောင်းပါတယ်..။ window ဘက် ထိုင်ရတဲ့သူက သိပ်မသက်သာလှပါဘူး..။ ဘေးခုံထိုင်ရတဲ့သူက လမ်းဘက်ကို ခြေနည်းနည်းချပြီး အညောင်းဆန့်လို့ရပါသေးတယ်..။ ကိုသခင်ကြီးက window ဘက်မှာ ထိုင်ပြီး ကျွန်တော်က ဘေးခုံမှာ ထိုင်ဖြစ်ပါတယ်..။ ဒါပေမယ့် ခရီးစဉ်ခဏနားပြီးတဲ့အချိန်မှာတော့ ကျွန်တော် နေရာပြောင်းလိုက်ပါတယ်..။ သူက ကျွန်တော့်ထက် လူကောင်ပိုကြီးပါတယ်..။
ညနေ ၂ နာရီခွဲတော့ ညောင်ဦးကို ၀င်ပါပြီ..။ ဖုန်မှုန့်တွေနဲ့ တချို့အဝေးနေရာတွေမှာ ဘုရားတွေ လှမ်းမြင်နေရတယ်..။ ဘာကြောင့်ရယ်မသိပါဘူး..။ ရင်ထဲမှာ တစ်မျိုးခံစားလိုက်ရပါတယ်..။ ကျွန်တော် ပုဂံကို အခုတစ်ကြိမ်နဲ့ဆို ၃ ခေါက်ရှိပါပြီ..။ ပထမဆုံးအကြိမ်က ၂၀၀၂ လောက်ကရောက်တာပါ..။ ရုံးကအဖွဲ့သားတွေနဲ့ဖြစ်ပါတယ်..။ နောက်တစ်ကြိမ်ကတော့ ရုံးကနေ ကျွန်တော်ထွက်လိုက်ပါပြီ..။ ၂၀၀၄ ဇန်န၀ါရီလောက်မှာ ရောက်တာပါ..။ အဲဒီရုံးက အဖွဲ့သားတွေနဲ့ပါပဲ..။ နှစ်ကြိမ်လုံး အလည်သက်သက် ဖြစ်ပါတယ်..။ ဒီတစ်ကြိမ်ကတော့ကော အလုပ်ပါလို့လားလို့မေးရင် ကျွန်တော်တို့ ဓါတ်ပုံရိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ပါလာပါတယ်..။ ဒါကြောင့် ဓါတ်ပုံရိုက်ဖို့ စဉ်းစားရပါတယ်..။
ကားပေါ်မှာတုန်းက ကိုမောင်လှက စာအုပ်တစ်အုပ်ထိုးပေးပါတယ်..။ ဆရာပါရဂူရဲ့ ပုဂံခရီးသည် ဆိုတဲ့ စာအုပ်ပါ..။ ဆရာပါရဲ့စာတွေ လေးတယ်လို့ ကျွန်တော်ယူဆပါတယ်..။ ကျွန်တော်က ဆရာပါ့စာအုပ်တွေဖတ်ဖို့ ဥာဏ်မမှီသေးပါဘူး..။ အတော်ကြိုးစားယူရပါဦးမယ်..။ အခု ဒီစာအုပ်ကတော့ ခရီးသည်တစ်ယောက် ဘုရားဖူးသွားတဲ့အကြောင်းတွေနဲ့ သူသွားတဲ့ဘုရားတွေရဲ့ သမိုင်းကြောင်းတွေ.. သူတွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေ.. သူမြင်ရတဲ့မြင်ကွင်းလေးတွေကို အစီအရီနဲ့ရေးထားပါတယ်..။ ဖတ်ရတာ အတော်လေး ကောင်းပါတယ်..။ စာအုပ်တန်ဘိုးက ၃၀၀၀ ထင်ပါတယ်..။ တစ်ဆက်တည်း စာအုပ်တစ်အုပ်တန်ဘိုး ဈေးကြီးတယ်ဆိုပေမယ့် စာအုပ်ထဲက အကြောင်းအရာတွေကလည်း ၃၀၀၀ နဲ့တန်ကြေးဖြတ်မရဘူးလို့ ကျွန်တော်စဉ်းစားမိနေပြန်ပါသေးတယ်..။
ပုဂံညောင်ဦးလမ်းပေါ်မှာ ကျွန်တော်တို့ ဘွတ်ကင်လုပ်ထားတဲ့ တည်းခိုခန်းလေးရှိပါတယ်..။ ကားဂိတ်မတိုင်ခင် လမ်းပေါ်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လမ်းမှာပဲဆင်းလိုက်ပါတယ်..။ ကျွန်တော်က ကျောပိုးလွယ်အိတ်တစ်လုံး လက်ဆွဲအိတ်တစ်လုံး tri-pod တစ်ချောင်း၊ ကိုသခင်ကြီးက ကျောပိုးကင်မရာလွယ်အိတ်တစ်လုံး ခရီးဆောင်သတ္တာတစ်လုံး tri-pod တစ်ချောင်း၊ ကိုမောင်လှက ကင်မရာရယ် laptop ရယ် ထည့်လွယ်လို့ရတဲ့ လွယ်အိတ်တစ်လုံး ခရီးဆောင်လက်ဆွဲအိတ် တစ်လုံး tri-pod တစ်ချောင်းဆီ ပါပါတယ်..။ အဲဒီပစ္စည်းတွေကို သယ်မပြီး မေခလာ တည်းခိုခန်းရှေ့မှာ ဆင်းလိုက်ပါတယ်..။ ၀န်ထမ်းကောင်လေးတွေ အိတ်တွေကို လိုက်ကူဆွဲပါတယ်..။
နောက်တော့ ဘွတ်ကင်လုပ်ထားတဲ့ သုံးယောက်ခန်းကို လိုက်ပြပါတယ်..။ တစ်ည ၁၂၀၀၀ ကျပ်ရှိပါတယ်..။ ထိုက်သင့်သလောက် ကျယ်လွင့်ပါတယ်..။ TV မပါပါ..။ လေအေးပေးစက်ပါပါတယ်..။ နှစ်ယောက်အိတ် ကုတင်နှစ်လုံးနဲ့ တစ်ယောက်အိပ် ကုတင်တစ်လုံးတို့ ပါပါတယ်..။ အ၀တ်လှမ်းစင်လေးတစ်ခု ပါပါတယ်..။ ရေပူရေအေးချိုးလို့ရပါတယ်..။ ရေချိုးဇလုံလည်း ပါပါတယ်..။ ဈေးနှုန်းအရ မဆိုးပါဟု ကျွန်တော်ပြောလို့ရပါတယ်..။ အ၀တ်အစားတွေလဲ၊ ပါလာတဲ့ ပစ္စည်းပစ္စယတွေ ချ.. အိပ်ယာပေါ် ခဏကျောခင်းရပါတယ်..။ နှစ်ယောက်အိပ် အိပ်ယာနှစ်လုံးကို ကျွန်တော့်ထက် အသက်ကြီး ၀ါကြီး ဆရာသမားနှစ်ယောကို ဦးစားပေးလိုက်ပြီး ကျွန်တော်က သူတို့ခြေရင်းဘက်က တစ်ယောက်အိပ် ကုတင်မှာ နေရာယူလိုက်ပါတယ်..။ ကိုသခင်ကြီးက ကိုမောင်လှအသင့်ယူလာတဲ့ ပုဂံမြေပုံကို အိပ်ရင်းနဲ့ဖတ်ကြည့်တယ်..။ ခင်ဗျားမြေပုံက ဘာမှလည်းမပါပါလား..။ အသစ်ရှာဝယ်ရမယ်နဲ့တူတယ်လို့ပြောတယ်..။ အဲဒီအချိန် ကိုမောင်လှသူ မန္တလေးက ၀ယ်လာတဲ့ ထိုးမုန့်လက်ဆောင်ကို ဟိုတယ်လ်မန်နေဂျာ အန်တီကြီးအတွက် သွားပေးရင် ရေသန့်ဘူးတွေဆွဲလာပါတယ်..။ နောက်ပြီး မြေပုံတစ်ခုပါပါလာတယ်..။ ကျွန်တော်ကတော့ ဘုရားသမိုင်းစာအုပ်တွေ ဖတ်နေလိုက်ပါတယ်..။
ပုဂံရာသီဥတုက ကျွန်တော်တို့ရောက်သွားချိန်မှာ ပူသေးတယ် ပြောရပါမယ်..။ နေ့လည်နေ့ခင်းကြီးဆိုလို့ ပူတာလည်း ဖြစ်ပါလိမ့်မယ်..။ air-con က တ၀ူးဝူးသာအော်နေတာ လေအေးသိပ်မထွက်ဘူး ထင်ပါတယ်..။ မအေးပါဘူး..။ တစ်ကောင် window type ကလေးပါ..။ PHILIP အမျိုးအစားသုံးထားတယ်လို့ စိတ်ထဲမှတ်မိနေတယ်..။ Remote မပါပါဘူး..။ Manual ဆော်ရတာလေးပါ..။
။ ကိုမောင်လှ ရေ၀င်ချိုးပါတယ်..။ ပြဿနာက အဲဒီမှာ တက်ပါတယ်..။ တံခါးက lock ချလို့မရပါဘူး..။ ဒါပေမယ့် ယောက်ျားတွေချည့်နေတဲ့ နေရာလည်းဖြစ်.. တစ်ယောက်အထဲမှာရှိရင် နောက်တစ်ယောက် ဖွင့်မ၀င်ဘူး ယူဆတာနဲ့ပဲ ဘာမှမပြောဘဲ ဒီအတိုင်းထားလိုက်တော့တယ်..။ ဘယ်လိုရေချိုးလို့ ဒါကိုပြဿနာလို့ စဉ်းစားမိသလဲဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ဖြည့်စဉ်းစားပါတော့..။ မပြောတော့ပါဘူး..။
။
ကျွန်တော်တို့ ညနေစာကို တည်းခိုခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ ထမင်းသုတ်ဆိုင်လေးမှာ စားပါတယ်..။ အသုတ်တွေ အစုံရပါတယ်..။ ဟင်းချိုဟင်း အတော်ကောင်းတယ်ဆိုရမယ်..။ နေ၀င်ပြီးချိန်မှာ အအေးဓါတ်ကလေး လွှမ်းခြုံလာပါတယ်..။ အဲဒီ အေးတဲ့ဓါတ်ကို ဟင်းချိုဟင် ခပ်နွေးနွေးမှာ ငရုပ်ကောင်းနိုင်နိုင်ထည့်ထားတဲ့အရာသာကနေ အပူဓါတ်ကလေး ရပါတယ်..။ ဟင်းချိုဟင်း ပန်းကန်လုံးကို ဇွန်းပါမလာဘဲ ချပေးတဲ့အတွက် ပန်းကန်လုံးသုံးလုံးကို ပါးစပ်နဲ့တေ့ပြီး သောက်ခဲ့ရပါတယ်..။ ထမင်းသုတ်၊ အမဲသားကြော်၊ အာလူးသုတ်နဲ့ နောက်အသုတ်တစ်မျိုး မှာပါတယ်..။ ရှောက်သီးသုတ် ထင်ပါတယ်..။ အဲဒါစားပြီးနောက် လိုက်ပွဲ ထပ်ယူရပါသေးတယ်..။
တည်းခိုခန်းကနေ အပြင်ထွက်ကတည်းက ကင်မရာလွယ်အိတ်တွေ ထရိုင်ပေါ့ဒ်တွေ ယူလာပြီးဖြစ်တဲ့အတွက် ခြေလျင်လမ်းသလားပြီး ရွှေစည်းခုံကို Night shot ရိုက်ဖို့ချီတက်ပါတယ်..။ နည်းနည်းလှမ်းပါတယ်..။ ဗိုက်ထဲမှာ အစာထည့်ထားတာရယ်.. ရေချိုးထားလို့ လူက လန်းနေတာရယ်.. ခရီးက အပြန် အိပ်ယာပေါ် ခဏအိပ်ပျော်သွားလို့ အားပြည့်နေတာရယ်ကြောင့် လမ်းလျှောက်နိုင်ကြပါတယ်..။ ညနေတုန်းက ရွှေစည်းခုံကို ဒီညရိုက်မယ် ဆိုတော့ ကျွန်တော် ရွှေစည်းခုံ ဘုရားသမိုင်း ဖတ်ပြီးဖြစ်နေပါပြီ..။ ထူးခြားအံ့ဘွယ်တွေကိုလည်း အလွတ်မှတ်မိအောင် လုပ်ထားလိုက်ပါတယ်..။ ရွှေစည်းခုံရောက်ရင် ကလေးတွေ ၀ိုင်းလာပြီး ရှင်းပြဖို့ လူလိုလား.. မုန်ဘိုးပေးခဲ့ပါဗျာ.. ဆိုပြီး လိုက်နှုတ်ဆက်တဲ့ ကလေးတွေရှိပါတယ်..။ ကလေးတွေ အများကြီးပါ..။ သူတို့လေးတွေက ဘုရားသမိုင်းကို ပါးစပ်ကနေ တတွတ်တွတ် ရွတ်ပြမယ်..။ နိုင်ငံခြားသားဆိုရင် အင်္ဂလိပ်လို အလွတ်ကျက်ထားတာလေးတွေကို ရွတ်ပြမယ်..။ ဒီလိုနဲ့ မုန့်ဘိုးလေးတွေ ကြံဖန်နေရသူလေးတွေပေါ့..။
တချို့များ အတော်ငယ်သေးတယ်..။ ဒါပေမယ့် သူတို့အရင် ကျွန်တော်က ဘုရားသမိုင်းတွေရော အံ့ဘွယ်တွေကော ပြောပြတော့ ဦးကလည်းဗျာ.. သားတို့ကို ဒါဆိုလည်း မုန့်ဘိုးလေးပေးသွားပါလား..။ ငါးဆယ်ပဲပေးပါဆိုပြီး လိုက်ပြောပါတယ်..။ ငွေကြေးရဲ့ အထုအထောင်းဒဏ်ဟာ ကလေးတွေရဲ့ နုနယ်တဲ့ဘ၀လေးတွေမှာ စွန်းပေနေတော့ ကျွန်တော့်မှာ ဘာပြောလို့ပြောရမယ် မသိပါဘူး..။ ၀မ်းနည်းသလိုဖြစ်မိပါတယ်..။ ကလေးတွေရဲ့ဘ၀ဟာ အင်မတန် နုနယ်ပါတယ်..။ အတွေးနုနုလေးတွေမှာ ဒီဟာတွေ ယှက်သန်းနေမယ်ဆိုရင် အသက်ကြီးလာလေ ရင်လေးဖို့ကောင်းလေပါပဲ..။
ဘုရားကနေအပြန် စားသောက်ဆိုင်တွေဘက် လှည့်ပါတယ်..။ အဲဒီမှာ Internet Access Center လေးတွေ တွေ့ပါတယ်..။ မျက်စေ့ထဲ RMCG က ဖွင့်ထားတာတစ်ခုရယ် Bagan Restaurant က ဖွင့်ထားတာ တစ်ခုရယ် ပေါင်းနှစ်ခုမြင်ခဲ့တာပါ..။ သူတို့နှစ်ဆိုင်က ADSL သုံးထားတယ် ဆိုပါတယ်..။ RMCG ကို ၀င်မမေးဖြစ်ပေမယ့် Bagan Restaurant ကို ၀င်မေးတော့ တစ်နာရီကို နိုင်ငံခြားသား ၂၀၀၀ ကျပ်၊ နိုင်ငံသား ၁၀၀၀ ကျပ်လို့ ဆိုပါတယ်..။ သင့်တင့်တယ်လို့ ပြောရပါမယ်..။ CRT 15″ Monitor တွေကိုတော့ လှမ်းမြင်လိုက်ပါတယ်..။ ၀င်တော့ မသုံးဖြစ်ခဲ့ပါဘူး..။ အတော်လေးကို စောင့်ရလို့ပါ..။ နိုင်ငံခြားသားတွေ အသုံးများပါတယ်..။
Holiday ဆိုတဲ့ စားသောက်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်..။ ကိုသခင်ကြီးနဲ့ ကိုမောင်လှက အပြင်းသောက်ပါတယ်..။ ကျွန်တော်ကတော့ Star cola နဲ့ ညားပါတယ်..။ အမြည်းကို အာလူးချဉ်စပ်နဲ့ မှိုကန်စွန်း မှာပါတယ်..။ ပြန်တဲ့အချိန် ည ၁၁ နာရီကျော်ပါပြီ..။ ဆိုင်လည်း ပိတ်ပါပြီ..။ ကျွန်တော်တို့ လမ်းလျှောက်ပြီး ဟိုတယ်ဆီကို ပြန်လာပါတယ်..။ တည်းခိုခန်းကိုရောက်တော့ စကားတွေ ဟိုရောက်ဒီရောက် ပြော..။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပါလာတဲ့ ကိုသခင်ကြီးရဲ့ laptop တစ်လုံးထဲ ၀ိုင်းကူးထည့်ပါတယ်..။ Laptop လွတ်ကျသွားပါသေးတယ်..။ Apple Mac Pro ထင်ပါတယ်..။ ကိုသခင်ကြီးကိုင်တဲ့ laptop ပါ..။
၁ နာရီ ခွဲလောက်မှ အဲဒီနေ့က အိပ်ဖြစ်ပါတယ်..။ ချစ်သူအတွက် စာထိုင်ရေးဖြစ်ပါသေးတယ်..။ နောက်နေ့လည်း မနက်စောစော ထပြီးခရီးစဉ်ဆက်မယ် မှန်းပါတယ်..။ ကျွန်တော်တို့ သုံးယောက် စက်ဘီးငှားပြီး ပုဂံမှာ ဓါတ်ပုံလိုက်ရိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်..။ စက်ဘီးငှားခက တစ်ရက်ကို ၁၀၀၀ ကျပ်ဆိုတော့ အတော်သက်သာတယ် ဆိုရပါမယ်..။ ဆိုက်ကယ်ကို စုံစမ်းပေမယ့် သိပ်အဆင်မပြေလှပါဘူး..။
ဆက်ရန်






