May 4 2010

ဧရာဝတီသို့…

ဧရာဝတီဟာ တသွင်သွင် စီးမျောရင်း မန္တလေးဆိုတဲ့ မြို့ဘေးကနေ ဖြတ်သန်းသွားတယ်..။ ဟိုး မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်တွေဆီက စီးဆင်းလာတဲ့ သွေးကြောမကြီးက သန်းချီတဲ့ လူတွေရဲ့ မနက် ညနေ ည အချိန်တွေရဲ့ အချိန်ကာလနဲ့ အသက်ရှူသံတွေကို ထုဆစ်တယ်..။ တစ်နေရာစီ တစ်ဖက်စီ ဝေးနေလှမ်းနေပေမယ့် မြစ်ရေကြောကို ဖြတ်လို့ သွေးချင်းနီးခဲ့ရတဲ့ သာဓကတွေနဲ့ ရာဇဝင်ပေါင်းများစွာ ဧရာဝတီမှာ စီးပျော်ဝင်နေခဲ့တယ်..။

ဧရာဝတီ ဖြတ်သန်းခဲ့တဲ့ နေရာတွေထဲက အလည်ပိုင်းတစ်နေရာဖြစ်တဲ့ မြို့မန္တလေးလည်း အပါအဝင်ပဲပေါ့..။ ကမ်းနှဖူးပေါ်က စီရရီ ဘုရားတွေကို ရိုကျိုးဦးတိုက်နေတဲ့ ဧရာဝတီက ကျွန်တော့်အမြင်မှာ သိပ်ကို သိမ်မွေ့လွန်းနေတယ်..။

ဧရာဝတီကို တည်မှီပြီး ဖြစ်လာတဲ့ ဘုရားပွဲလေးတွေ ရှိတယ်..။ လောကဇာတ်ခုံမှာ ဧရာဝတီရဲ့ ကပြကွက်တွေအပြင် လူတွေရဲ့ သူ့နေရာနဲ့သူ ကပြမှုတွေကလည်း ကဗျာတစ်ပုဒ်နဲ့ ဆင်ဆင်တူနေတယ်..။ ဖုန်တွေ တလုံးလုံး ထနေတဲ့ မြစ်ကမ်းနှဖူးက ရွှေကြက်ယက်ဆိုတဲ့ ဘုရားပွဲလေးမှာ ရုန်းကန်နေတဲ့ လူတချို့ကို တွေ့မိတယ်..။ အိုးကောင်းတစ်လုံးရဖို့အတွက် နာနာရိုက်ရ မီးမြိုက်ရတာတွေ လုပ်ရတယ်..။ အိုးကောင်းဖြစ်ဖို့ အိုးသည်ရဲ့ ထိန်းကျောင်းမှု ကောင်းရသေးတယ်..။ လူ့လောကကြီးမှာလည်း ဒီအတွက် ပုံခိုင်းနှိုင်းပြီး ဆိုဆုံးမတတ်ပေမယ့် တကယ့်တကယ်တမ်း အထုအထောင်း အပူအလောင်တွေကြားက ထူသားပေသား ကျလာတဲ့ လူသားတစ်ယောက်အတွက် ရင်ဘတ်ထဲက ခံစားချက်နဲ့ ဦးနှောက်ထဲက အသိပညာရေကြည်က အသုံးချစရာအကောင်းဆုံးပဲ..။

ပွဲတော်က ပူလို့ထင်တယ် သိပ်မစည်ကားလှ..။ လူတွေတစ်ယောက် တစ်မျိုးစီ..။ အရောင်တွေကိုယ်စီ ဝတ်ထားတယ်..။ အပြုံးတွေ တပ်ထားတယ်..။ တချို့ မျက်လုံးတွေက ဝမ်းက ငတ်လို့ ငတ်ပြနေတယ်..။ တချို့ အိပ်မက်တွေ ချိန်ခွင်ထဲ ထည့်ချိန်ကြတယ်..။

ပြင်ပ ပူလောင်မှုကို ဘယ်လိုအရာတွေနဲ့ ဖြေသိမ့်မလဲ..။ အေးမြတဲ့ ရေကြည်တစ်ပေါက်က ကိုယ့်အတွက် အားတွေအင်တွေ ဖြစ်စေနိုင်မလား..။ ကျွန်တော် မသောက်ခဲ့ရပေမယ့် မြင်မိတဲ့ကျွန်တော့်အတွက်တော့ အေးမြမှုတွေ ဓါတ်ကူးလို့..။ အေးစေဖို့ ရောင်းတဲ့ သူ့အတွက်တော့ နွေပူပူက ဘာတွေပေးမလဲ..။ သူ့ရဲ့ အိမ်တွင်းရေးက ဘာတွေပေးမလဲ..။ သူ့ရဲ့ ဘဝက ဘာတွေပေးမလဲ..။ အဝါရောင်အိပ်မက်တွေအတွက် သူဘာတွေ ပြောပြနိုင်မလဲ..။

တောက်လောက်လွန်းတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် သစ်ရိပ်ဝါးရိပ်ကလေးတွေက တန်ဘိုးတစ်ခု ဖြစ်စေတယ်ဆိုရင် ဦးထုပ်တစ်လုံး တန်ဘိုးလည်း ဈေးနဲ့ ဖြတ်ဖို့ လွယ်မယ် မထင်မိတော့ပါ..။ ယပ်တစ်ချောင်းရဲ့ တန်ဘိုးကို ငွေနဲ့ ဖြတ်လို့ မလွယ်တော့ပါ..။ ကျွန်တော် ဦးထုပ်တစ်လုံးလောက် အသုံးဝင်ပါ့မလား..။ ယပ်တစ်ချောင်းလောက် အေးမြစေပါ့မလား..။ ကျွန်တော်မသိပါ..။ အဲလိုအရာတွေနဲ့ ခိုင်းနှိုင်းကြည့်ဖို့ လိုသလား မလိုသလားဆိုတာလည်း ကျွန်တော် မရှင်းတတ်ပါ..။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝက တခြားသူတစ်ယောက် ဒါမှမဟုတ် အများအတွက် ပူနေစေတယ်ဆိုဦးတော့..။ ကောင်းနိုင်ပါ့မလား..။

ပစ္စည်းတစ်ခုရဲ့ စတင်ခြင်းကို ဘယ်က စသလဲဆိုတာ စူးစမ်းလို့ ရနိုင်ပေမယ့် လူသားတစ်ယောက်ရဲ့ အစ ကို ဘယ်က စ နိုင်မလဲဆိုတဲ့မေးခွန်းက ဖြေရကြပ်စေပါတယ်..။ ယူငင်သုံးသပ်ပြတဲ့ ဘက်တွေ မတူသလို အစောင်စောင်သော ကျမ်းကြီးကျမ်းငယ်တွေ ချကာ ငြင်းလို့ လူသားကို လူသားခြင်း တန်ဘိုးဖြတ် မေးခွန်းထုတ် ဆန့်ထွက်တွေးယူလို့ ပူလောင်နေကြတယ်..။ လူသားတစ်ယောက် ဖြစ်လာဖို့အတွက် ပိုင်ဆိုင်မှု လေးခုပဲရှိတယ်..။ ကိုယ် စိတ် ဂုဏ် ပစ္စည်း တွေပဲ..။ လိုနေတာဖြည့်ရင်း ကျင်လည်ရာ ဘဝမှာ မှတ်တိုင်တွေ ဖြစ်ကုန်မယ် ထင်ပါရဲ့..။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အတွက် ဝမ်းစာရှာဖွေခြင်းဆိုတာ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်မယ် မြင်ရပေမယ့် ဘဝက ပေးတဲ့ သင်္ခန်းစာတွေက တစ်ခါတလေတော့ ဆေးခါးကြီးဆိုတာ မမေ့သင့်ဘူးလေ..။ ပညာတွေ မိုးလောက်တတ်ထားနိုင်ဦးတော့ တတ်ထားတဲ့ ပညာတွေ အသုံးမချနိုင် အသုံးချဖို့ အခွင့်မရနိုင်ရင် ကိုယ်တတ်မြောက်ထားခြင်း ဆိုတာ ဖြုန်းတီးပစ်ခြင်း တစ်မျိုးပဲ..။

နေပူပူ မြေပူပူပါ မိုးခါးရေအိပ်မက်က ကလေးတွေဘဝကို ဘယ်လောက်ထိ လှိုက်စားနေမလဲဆိုတာ.. ကျွန်တော် မတွေးတတ်ပါ..။ ဒါပေမယ့် ဖြေသိမ့်ရတယ်..။ အကြော်လေးတွေဖြစ်လာရင် သူ့အမော တချို့တစိတ်တော့ ပြေလောက်ရောပေါ့..။

ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရရင် လူတွေ ပျော်ကြသတဲ့..။ ရောင်းသူရောင်း ဝယ်သူဝယ် သောက်သူသောက် ပျော်သူပျော် ဆော့သူဆော့ ငေးသူငေး သူ့တရားနဲ့သူ စီရင်ထားတဲ့ ဇာတ်ထုပ်တစ်ခုမှာ ကျွန်တော်ဘယ်ထောင့်နားဆီမှာ ရှိနေပါလိမ့်..။ ကိုယ်တိုင် ကပြတဲ့ အော်ပရာ မဟုတ်လေတော့ ကျွန်တော် နေရာ ရ ပါ့မလားဆိုတာ တွေးနေစရာ လိုမယ်မထင်ပေမယ့်  နေရာတစ်နေရာမှာ အလံတစ်ခုခု စိုက်ပြရင်  ကြွေးကျော်ခွင့်ရဖို့  စောင့်စားရင်း အပြာရောင်ကောင်းကင်ပေါ်မှာ မီးခိုးငွေ့ဖြစ်သွားတဲ့ သူတွေအကြောင်း စာတမ်းတစ်စောင် ရေးစရာ လိုမယ်မထင်ပါဘူး..။

ဒီလိုနဲ့ ဒီလိုနဲ့..။

ကျွန်တော်တို့တွေ ဖူးကြ ပွင့်ကြ.. ကျွန်တော်တို့တွေ နွမ်းကြ ကြေကြ.. ကျွန်တော်တို့တွေ… ….။

ဧရာဝတီသို့..

VN:F [1.8.8_1072]
Rating: 10.0/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
  • Share/Bookmark

May 26 2009

ထားခဲ့ဖူးသမျှ

တစ်ည..။ မယ်နန်းညီဖုန်းဆက်လာတယ်..။ ကိုမင်းစံ.. ခင်ဗျားတော့ ကျုပ် Tag ထားတယ်..။ ရှင်းပေတော့တဲ့..။ ဘာအကြောင်းလဲ မေးတော့ ထားခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေအကြောင်းတဲ့..။ မျက်ခွံနည်းနည်းအစ်သွားတယ်..။ ဘယ့်နှယ် ကိုယ်ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း အွန်လိုင်းမှာ ချရေးရမှာ နည်းနည်းတော့ လန့်တယ်..။ အမှန်တကယ်ဆို ကိုယ့်ဒိုင်ယာရီမှာတောင် ဒီကိစ္စတွေမရေးဘူး..။ မတော်လို့များ ကိုယ့်ချစ်သူ အဲဒါတွေ ဖတ်မိရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့..။ အဲဒါကို တဂျီဂျီလုပ်တာနဲ့ နားအေးပြီးရော အေးပါဟယ် လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမလား.. ဒါမှမဟုတ် သူ့ကိုပဲ အပြစ်တင်ရမလား.. ဒါမှမဟုတ် သူ့ကို Tag တဲ့ ဆရာသခင်တွေကိုပဲ အပြစ်တင်ရမလား ဆိုတာ စဥ်းစားလို့ မရဘူး..။

ကျွန်တော် စဥ်းစားတယ်..။ မေးစေ့လေး ပွတ်ခါ ပွတ်ခါနဲ့ပေါ့..။ အဲဒီမှာ ပုံပြင်လေးတစ်ပုဒ်ခေါင်းထဲရောက်လာတယ်..။ အဲဒီပုံပြင်ကို ဖတ်မိပြီး ပြုံးမိတယ်..။ အင်း..။ အားလုံးကိုလည်း ပြောပြချင်တော့ ပုံပြင်လေး နားထောင်ကြည့် အဲလေ ဖတ်ကြည့်ပေါ့နော..။

ရှေးတုန်းက တရုတ်ပြည်မှာ ဘုရင့်စာမေးပွဲတွေကို နိုင်ငံဝန်ထမ်း လုပ်လိုသူတွေ ဖြေကြရတယ်..။ မယုံရင် ပေါင်ချိန်ဇာတ်လမ်းတွဲတွေမှာ ပြန်ကြည့်ကြည့်နိုင်ပါတယ်..။ ရွာတစ်ရွာမှာ သူငယ်ချင်းသုံးယောက် ရှိသတဲ့..။ ဒီသူငယ်ချင်းသုံးယောက် ပညာအတူသင်ပြီး မြို့တက်လို့ စာမေးပွဲ သွားဖြေကြသတဲ့..။ စာမေးပွဲ ဖြေပြီး ပြန်အလာတော့ အပြန်လမ်းအတိုင်း တန်းတန်းမတ်မတ် ရွာမ၀င်ဘဲ ထုံးစံအတိုင်း ဝေ့ကြလေသတည်းပေါ့..။ တစ်နေရာရောက်တော့ ဗေဒင်သိပ်မှန်တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီကို ရောက်သွားသတဲ့..။ လူငယ်တွေပီပီ ဖြေထားတဲ့ စာမေးပွဲ result ကို ကြို out ချင်ကြတော့ ဘုန်းတော်ကြီးကို ၀င်တွေ့ကြသတဲ့..။ အသက်တော်တော်ကြီးပြီ ဖြစ်တဲ့ ဘုန်းတော်ကြီးလည်း လူငယ်သုံးယောက်ကို အေးအေးလူလူပဲ လက်ခံပြီး တွေ့စုံသတဲ့..။

လူငယ်သုံးယောက်က သူတို့ စာမေးပွဲဖြေထားကြောင်း..၊ သူတို့ အောင်မြင် မအောင်မြင် ဆိုတာကို သိလိုကြောင်း ပြောသတဲ့..။ ဘုန်းတော်ကြီးလည်း အိနြေ္ဒအပြည့်နဲ့ ပြောသတဲ့..။ သူပြတဲ့ နိမိတ်ကို အဓိပ္ပါယ်ကောက်ယူပါ..။ နှုတ်ကနေ မပြောဘူးလို့ ပြောသတဲ့..။ လူငယ်သုံးယောက်လည်း သဘောတူလိုက်ကြသတဲ့..။ ဘုန်းတော်ကြီးလည်း ပြောပြောဆိုဆိုနဲ့ပဲ လက်ညှိုးတစ်ချောင်း ထောင်ပြသတဲ့..။ လူငယ်သုံးယောက်လည်း ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမယ် မသိဘူးဖြစ်သွားတယ်..။ အဓိပ္ပါယ်ပြောဖို့ ပြောပေမယ့် စည်းကမ်းပြောထားပြီးသား ဖြစ်ပါတဲ့အတွက် သူတို့မှာ ဘာမှအတွန့်တက်နိုင်စွမ်း မရှိတာနဲ့ပဲ ခေါင်းကုတ်ပြီး လှည့်ပြန်သွားသတဲ့..။

ဒါကို အနားမှာရှိတဲ့ ကပ္ပိယကြီးတစ်ယောက်က ဒီအဖြစ်တွေအားလုံးကို မြင်သိကြားနေလေတော့ ဘုန်းတော်ကြီးကို သူမေးသတဲ့..။ အရှင်ဘုရား လက်ညှိုးတစ်ချောင်းထောင်တာ ဘာကိုဆိုလိုပါသလဲ ဘုရားပေါ့..။ ငါပြောထားသားပဲ.. အဓိပ္ပါယ်ကို ကိုယ့်ဖာသာကိုယ်ပဲ ကောက်လို့ဆိုပြီး မိန့်တယ်..။ ကပ္ပိယလည်း ဇွဲမလျှော့ဘူး ဘုန်းတော်ကြီးကို လျှောက်တယ်..။ နှစ်ယောက်ကျရင်ကော ဘုရား ဆိုတော့ အိမ်း တစ်ယောက် အောင်သပေါ့ကွာ တဲ့..။ နှစ်ယောက် အောင်ရင်ကော ဘုရား ဆိုတော့ အိမ်း တစ်ယောက်ကျသပေါ့ကွာတဲ့..။ ဒါဆို သုံးယောက်လုံး အောင်တယ်ဆိုရင်ကော ဘုရားဆိုတော့ ဒီတစ်ခါ သုံးယောက်လုံး တစ်ပြိုင်တည်း အောင်သပေါ့ကွာတဲ့..။ သုံးယောက်လုံး ကျတယ်ဆိုရင်ကော ဘုရားလို့ မေးတော့ ဒီတစ်ကြိမ် သုံးယောက်လုံး တစ်ပြိုင်တည်းကျသပေါ့ကွာတဲ့..။ ကပ္ပိယလည်း ပြုံးသတဲ့..။

ဟုတ်ကဲ့..။ ပုံပြင်ကတော့ ဒါပါပဲခင်ဗျာ..။ ကျွန်တော်လည်း မယ်နန်းညီကို ပြောပါမယ်..။ လက်ညှိုးတစ်ချောင်း ထောင်ထားပါတယ်..။ ဘာအဓိပ္ပါယ်ဆိုတာ ကိုယ့်ဟာကိုယ်သာ ကောက်ယူပေတော့ခင်ဗျာ..။ ကျွန်တော် လက်ညှိုးတစ်ချောင်း ထောင်ထားပါတယ်..။ ဘယ်လို အဓိပ္ပါယ်ကောက်မယ်ဆိုတာတော့ စာဖတ်သူပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ..။

VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Mar 28 2009

လူနဲ့ ပုံပြင်

(၁)

ပြောရမှာ တော်တော်ခက်ပါတယ်..။ ခက်တဲ့အကြောင်းလည်း ဟုတ်မနေပြန်ပါဘူး..။ ဒါပေမယ့် ခက်တာတော့ ခက်နေတုန်းပါပဲ..။ ကျွန်တော့်မှာ ဦးလေးတစ်ယောက်ရှိပါတယ်..။ ဘုကန့်လန့်ဖြစ်တဲ့အတွက် သူ့ကို ဘယ်သူမှ မတည့်ပါ..။ မိသားစုထဲမှာလည်း တည့်တဲ့သူ သိပ်မရှိပါ..။

ကျွန်တော် ဘုကန့်လန့်မဟုတ်ပါ..။ ဟိုးဝပ်ဂါဒနာက လူမှာ ဥာဏ်(၇)မျိုးရှိတယ်လို့ ပြောပါတယ်..။ အဲဒီအထဲက နံပါတ်(၆)က ကျွန်တော်နဲ့ ကိုက်ညီပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လူတိုင်းကို တည့်အောင်ပေါင်းပြီး စုစည်းဆက်စပ်ပေးတတ်လို့ ဖြစ်ပါတယ်..။ တော်တော်များများကလည်း အဲဒီအတိုင်း ပြောပါတယ်..။ လူတိုင်းကို တည့်အောင်ပေါင်းတတ်တယ်ဆိုတာ နားလည်ပေးတတ်တာ ဖြစ်ပါလိမ့်မယ်..။ တစ်နည်းအားဖြင့်တော့ Inter personal Intelligence ပေါ့..။

(၂)

တစ်ခါတလေ အဲဒီလိုတွေးထား လက်ခံထားတာ ဟုတ်မှဟုတ်ပါ့မလားလို့ ဇဝေဇ၀ါဖြစ်ရပါတယ်..။ ကျွန်တော်ပြောချင်တာက ကျွန်တော့်ဦးလေးအကြောင်းပါ..။ ထုံးစံအတိုင်း လူ့ဘုကန့်လန့်ဖြစ်တဲ့ ကျွန်တော့်ဦးလေးအကြောင်း ဖြစ်ပါတယ်..။ သူက လူပျိုကြီးဖြစ်ပါတယ်..။ လူပျိုကြီးဆိုတဲ့ စာလုံးပေါင်းကို (ယပင့်)နဲ့ ပျိုပါတယ်..။ သူ့ကို ရယစ်နဲ့ သွား ပြို လျှင် ကျွန်တော်မကောင်းဖြစ်ရပါဦးမယ်..။ သေချာတာကတော့ သူဟာ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်..။ အဖေ့ညီဖြစ်တဲ့သူဟာ အဖေနဲ့လည်း သိပ်မတည့်ပြန်ပါဘူး..။ လူပျိုကြီးများရဲ့ ၀သီအတိုင်းပဲ ကွမ်းယာဆိုင်မှာ လေပေါလိုက် လက်ဖက်ရည်ဆိုင်မှာ စကားဖောင်ဖွဲ့လိုက် လုပ်နေပါတယ်..။

သူဟာ လူ့ဘုကန့်လန့်ဖြစ်ကြောင်း ကျွန်တော်ပြောထားပြီးပါပြီ။ သူ့စကားတွေကို နားထောင်ဖို့ထက် သူကျွေးသော ကွမ်းယာ သူတိုက်သော လက်ဖက်ရည်ကြောင့် သူ့နားမှာ အနည်းအကျဉ်းသောသူတို့ အချိန်ခဏတာမျှရှိတတ်ပါတယ်..။ ထိုအခါက လွန်သွားရင် ဒါမှမဟုတ် သူတစ်ယောက်တည်းဖြစ်နေတတ်ရင် ကျွန်တော့်ဆီရောက်လာတတ်ပါတယ်..။

ကျွန်တော်စာတချို့ဖတ်ပါတယ်..။ ဖတ်မိတဲ့စာတွေကိုလည်း သူ့ကိုပြောပြတတ်ပါတယ်..။ ထုံးစံအတိုင်း သူလက်ခံခဲပါတယ်..။ မင်းဖတ်ထားတာတွေကလည်းကွာ ဆိုပြီး ကျွန်တော်ဖတ်သော စာအုပ်များကို သူ့ပေတံနဲ့ တိုင်းပါတယ်..။ ကျွန်တော်ဘာမှမပြောပါ..။ သူ့ကို ဒီအတိုင်းပဲ ရယ်ပြီးကြည့်နေတတ်ပါတယ်..။

အဖွားက သူ့ကို မိန်းမယူဖို့ပြောလာရင် သူအပြင်ကို ထွက်သွားတတ်ပါတယ်..။ မိန်းမတစ်ယောက်ယူဖို့ သာမန်မိန်းမတစ်ယောက်ကို မလိုချင်ပါဘူးလို့ ကျွန်တော့်ကို ပြောပြဖူးပါတယ်..။ ပြည့်ဝတဲ့ မိန်းမကိုသာ သူယူလိုကြောင်း ကျွန်တော့်ကို ပြောပြတတ်ပါတယ်..။ ခက်နေတာက ပြည့်ဝတဲ့ မိန်းမဆိုတာ ဘယ်လိုဘယ်ညာမှန်း ကျွန်တော်ကောင်းကောင်းမသိခြင်း ဖြစ်ပါတယ်..။ ကျွန်တော်ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးပါတယ်..။ ပြည့်ဝတဲ့ မိန်းမကို လိုက်ရှာတဲ့သူတစ်ယောက်အကြောင်း ဖြစ်ပါတယ်..။

(၃)

ပုံပြင်ဟာ ပုံပြင်ပါပဲ..။ အဖြစ်အပျက်တွေ အမှန်အတိုင်းဟုတ်မနေတတ်ပါဘူး..။ ဒါကြောင့် ပုံပြင်ဆိုတဲ့ စကားကို သုံးထားတာပါ..။ ကျွန်တော်အမှန်အတိုင်းပြောပါတယ်..။ ပုံပြင်ဆိုတဲ့စကားကိုလည်း ထည့်ပြောပါတယ်..။ သူ့ကိုပြောပြတော့ ပုံပြင်ဆိုတာကို သူလက်ခံပါတယ်..။ ပုံပြင်အဆုံးသပ်ထိ သူနားထောင်ပါသေးတယ်..။

တစ်ခါက လူတစ်ယောက်ဟာ ပြည့်ဝတဲ့မိန်းမတစ်ယောက်ကို လိုက်ရှာပါတယ်..။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုချင်လို့ပါ..။ သူဟာ နေရပ်ကနေ စွန့်ခွာပြီး တစ်နေရာကနေ တစ်နေရာ တစ်မြို့နဲ့တစ်မြို့ကိုကူးရင်း ပြည့်ဝတဲ့မိန်းမတစ်ယောက်ကို ကြင်ဖက်အဖြစ်ပေါင်းသင်းဖို့ လိုက်လံရှာဖွေသတဲ့..။ မြို့တစ်မြို့ကိုရောက်တော့ မိန်းမတစ်ယောက်ကို တွေ့ပါတယ်..။ ရုပ်ရည်ချောမောပြီး ပစ္စည်းဥစ္စာရှိပေမယ့် အတွေးအခေါ်သိပ်မရှိဘူးဆိုပြီး နောက်တစ်မြို့ကို ထွက်ခွာသွားပါတယ်..။

ဒုတိယမြို့မှာ မိန်းမတစ်ယောက်နဲ့ ထပ်တွေ့ပြန်ပါတယ်..။ အဲဒီမိန်းမကတော့ ပစ္စည်းဥစ္စာရှိပြီး ဥာဏ်ပညာထက်မြက်ပါတယ်..။ ဒါပေမယ့် ရုပ်မချောတဲ့အတွက် တတိယမြို့ကို ဆက်လက်ထွက်ခွာသွားပြန်ပါတယ်..။

သူမမျှော်လင့်ဘဲ မိန်းမတစ်ယောက်နဲ့ တွေ့ပါတယ်..။ ရုပ်ရည်ချောမောပါတယ်..။ ပြောစရာမရှိပါဘူး..။ ပစ္စည်းဥစ္စာလည်း ကြွယ်ဝပါတယ်..။ သူမျှော်လင့်ထားတာထက်တောင် ပိုနေပါသေးတယ်..။ ပညာလည်းရှိပါတယ်..။ အတွေးအခေါ်လည်း ကောင်းပါတယ်..။ ဒါပေမယ့် အဲဒီမိန်းမကို သူမရခဲ့ပါဘူး..။ ဘာကြောင့်လဲဆိုတော့ အဲဒီမိန်းမက ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကို ရှာနေတဲ့သူဆိုပဲ..။

ပုံပြင်လေးက ဒါပါပဲကွယ်လို့ ပြောမလို့ သူ့ကိုကြည့်တော့ နီရဲနေပြီဖြစ်တဲ့ သူ့မျက်နှာကို မြင်လိုက်ရပါတယ်..။ တရုတ်ကြီး ငရုတ်သီးစပ်သလို ရှူးရှူးရှားရှားလည်း ဖြစ်နေပြန်ပါတယ်..။ ကျွန်တော့်ကိုလည်း ဘာပြောချင်မှန်းမသိ.. မင်း .. မင်း.. .. ဆိုတာသာ ကြားရပြီး ဘာသံမှ ဆက်ထွက်မလာပါဘူး..။

(၄)

လူပျိုကြီးတွေ အူကြောင်ကြောင်နိုင်စွာနဲ့ ကျွန်တော်ပြောတာကို တည့်တည့်မတွေးကြပြန်ပါဘူး..။ သူတို့ကို ဘယ်လိုနားလည်အောင် ရှင်းပြရမလဲဆိုတာ ကျွန်တော်မပြောပြတတ်တော့ပါဘူး..။ သေချာတာကတော့ သူနဲ့ကျွန်တော်နဲ့ နောက်ထပ်မျက်နှာချင်းမဆိုင်ဖြစ်တော့တာပါပဲ..။

ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီမှာပဲရပ်တန့်ခဲ့ဖို့ သင့်ပါတယ်..။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်လာတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ..။ ကျွန်တော့်ဦးလေး မိန်းမယူဖြစ်ခဲ့ပါတယ်..။ ဘာရယ်ညာရယ် ကျွန်တော်မမေးဖြစ်ခဲ့ပါဘူး..။ သူယူမယ့်အမျိုးသမီးပြည့်ဝဖို့လား သူပြည့်ဝတာလားဆိုတာလည်း ကျွန်တော်မသိချင် မမေးချင်တော့ပါဘူး..။ နောက်ဆုံးတော့လည်း ဖြဲစပ်ဖြဲစပ်နဲ့ မိန်းမဆိုတာ မိန်းမပေါ့ကွာဆိုတဲ့ ဘာကိုရည်ရွယ်ပြီးပြောမှန်းမသိ ပြောသွားခဲ့ပါတယ်..။

ညီမင်းစံ

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Oct 12 2008

လန်ထွက်နေတာပဲ

လန်ထွက်နေတာပဲကို ကျွန်တော့်နားထဲအရင်သယ်လာတာ အွန်လိုင်းက ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ပါ..။ သူတို့နှစ်ယောက်ပြောရင် လန်ထွက်နေတာပဲ ဆိုတဲ့စကားမပါဘဲ စကားက ရှေ့ကိုမရောက်ပါဘူး…။ အရင့်အရင်တုန်းက သိပ်မိုက်တာပဲ ဆိုတဲ့စကားမျိုးနဲ့ အဓိပ္ပါယ်တူပါတယ်..။ ခပ်ဟော့ဟော့ ကောင်မလေးတွေ တွေ့ရင်လည်း လန်ထွက်နေတာပဲဆိုပြီး သူတို့ပါးစပ်က ထွက်ကျတယ်..။ ဒီဇိုင်းလှလှ ကားလှလှလေး မြင်ရင်လည်း လန်ထွက်နေတာပဲ ပြောပြန်တယ်..။

အဲဒီလန်ထွက်နေတာ ပြဿနာပါ..။ ကျွန်တော့်သူငယ်ချင်း ဖွာဟောင် ပြဿနာ ဖြစ်ရတာ အဲဒါပါပဲ..။ လန်ထွက်နေတယ် စကားလုံးကို ကျွန်တော်က အဲဒီအွန်လိုင်းက သူငယ်ချင်းတွေဆီကနေ ရလာပြီး အပြင်မှာ ပြန်သုံးတော့ ဖွာဟောင်လည်း သဘောကျပြီး လိုက်သုံးတယ်..။ သူ့စိတ်နဲ့တည့်ရင် လန်ထွက်နေတာပဲ အကျယ်ကြီးအော်ပြောတယ်..။ မူးလာရင်လည်း လန်ထွက်နေတာပဲကို အားပါးတရရွတ်ဆိုတယ်..။

တစ်ရက်..။

အဲဒီတစ်ရက်ဆိုတဲ့အဖြစ်အပျက် နိဒါန်းမစခင် ကျွန်တော်တို့သူငယ်ချင်းတွေ စရိုက်ကလေး ပြောပြရမယ်..။ ကျွန်တော်တို့ သူငယ်ချင်းတွေ ခင်ကြတာ စည်းမရှိဘူးရယ်..။ အိမ်က မိဘတွေကလည်း သူငယ်ချင်းတွေကို သိနေတော့ တံခါးမရှိဓါးမရှိ ၀င်ချင်သလိုဝင် ထွက်ချင်သလိုထွက် ဗိုက်ဆာလည်း မီးဖိုချောင်ထဲ ခပ်တည်တည် ၀င် ခူးခပ်စား..။ သူငယ်ချင်း အစ်မတွေလည်း ကိုယ့်အစ်မတွေလိုပဲ ညီမတွေဆိုလည်း ကိုယ့်ညီမတွေလိုပဲ နေကြတယ်..။

တစ်ရက်တော့ ဖွာဟောင် အပြင်သွားရင်းကနေ လမ်းကြုံလို့ ငလင်း ဆိုတဲ့ သူငယ်ချင်းရဲ့အိမ်ကို ၀င်ပါတယ်..။ အဲဒီအိမ်မှာ ကျွန်တော်တို့သူငယ်ချင်းမိသားစု နေတာပါ..။ သူ့မှာ အစ်မတစ်ယောက်ရှိပါတယ်..။ အစ်မက အပျိုကြီးပါ..။ ဒီကောင့် အဖေတွေအမေတွေက အပြင်မှာ လုပ်ငန်းတွေလုပ်နေတော့ အိမ်မှာမရှိဘူး..။

ဖွာဟောင် ရောက်သွားတဲ့အချိန် ငလင်းကို သူ့အစ်မက ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး ဆူဆဲနေတဲ့အချိန်ပါ..။ အညာသူ စရိုက်ဖြစ်လေတော့ ဆဲရင်ဆိုရင် လုံချည် မ ပြီး ဆဲ တာပါပဲ..။ (လုံချည်လှန်ဆဲတယ်လို့ ကျွန်တော် မပြောပါ..။) ပါးစပ်က တောက်လျှောက်ပြော..။ လုံချည်ကလည်း မ ထား..။ ဇာတ်လိုက်ကျော် ဖွာဟောင်ကလည်း ခပ်ထွေထွေနဲ့ တွေ့တော့ ဒေါသထွက်ပြီး တအားပြောနေတဲ့ ငလင်းအစ်မကို ကြောင်ငေးငေးပြီး ကြည့်နေတော့တာပါပဲ..။

ဒီတော့ ငလင်းအစ်မလဲ ဟဲ့ကောင် နင်ဘာ ဘာလို့ငါ ကြောင်ကြည့်နေတာလဲ မေးတော့ အစ်မထမီမပြီးပြောတာလဲဗျာ.. လန်ထွက်နေတာပဲတဲ့..။ ငလင်းအစ်မလည်း မျက်နှာကြီး နီရဲပြီး အထဲဝင်ပြေးရော..။ ငလင်းလည်း အူကြောင်ကြောင် မျက်နှာပေးနဲ့ ဖွာဟောင်ကိုကြည့် ဖွာဟောင်လည်း ပုခုံးလေးတွန့်ပြီး ပြန်ထွက်လာရောတဲ့ ခင်ဗျာ..။

အပြင်မှာ အဲဒီအကြောင်းပြောတော့ တဟားဟားရယ်ကြရင် ဖွာဟောင်တို့ကတော့လေ.. လန်ထွက်နေတာပဲ.. ပြောတော့ တော်ပါကွာ.. မင်းတို့ လန်ထွက်နေတယ် စကားက မထင်ပါးကျိုးမှာကွ လို့ ဘောက်ဆတ်ဆတ်ပြောတာ ကြားရတော့ ငိုအားထက် ရယ်အားသန်ခဲ့ရတယ်..။

VN:F [1.8.8_1072]
Rating: 7.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Oct 10 2008

ဖွာဟောင်ဖွာဟောင်

စကားကို ဟောင်ဖွာဟောင်ဖွာ ပြောတယ်ဆိုတဲ့ အသုံးအနှုန်း ခဏခဏကြားဖူးပါတယ်..။ အမှန်အတိုင်း ၀န်ခံရရင် ဟောင်ဖွာဟောင်ဖွာကို မျက်စေ့ထဲပုံဖော်ကြည့်လို့ မရအောင် အတွေးတိမ်နေခဲ့မိတယ်..။ အခုပြောချင်တာ ဟောင်ဖွာဟောင်ဖွာ မဟုတ်ဘဲ ဖွာဟောင်ဖွာဟောင် ဖြစ်နေတာကိုပါ..။ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်..။ ဒီကောင်က မဟာဝိဇ္ဇာ စိတ်ပညာအထူးပြု ကျောင်းသားပါ..။ နည်းနည်း ခပ်ဂေါက်ဂေါက်ရယ်ပါ..။ စိတ်ပညာ အထူးပြုကျောင်းတက်လို့ ဂေါက်တာ မဟုတ်ပါဘူး..။ သူ့ဟာသူ အရင်ကတည်းက ဂေါက်တာ..။ စကားပြောတာ ထူးဆန်းသလို သူလုပ်လိုက်ရင်လည်း ကြောင်တောင်တောင်ပါပဲ..။ သူ့အတွေးနဲ့သူနဲ့တော့ ဟုတ်နေတာပါပဲ..။ သူ့နာမည်က သိပ်မထူးခြားပါဘူး..။ သာမန် တွေ့နေကျ နာမည်မျိုးပါပဲ..။

ကျော်ဇင် ဆိုကြပါစို့ရဲ့..။ နာမည်ရင်းလဲ မရေးချင်ပါဘူး..။ တော်တော်ကြာ ဒီစာမျက်နှာဝင်ဖတ်ပြီး ဆဲနေရင် ဆဲနေမှာမို့လို့ပါ..။

ဒီကောင်က ဆေးလိပ်သိပ်သောက်တယ်..။ အရက်လည်း မိုးလင်း အဲဒါနဲ့မျက်နှာသစ်မယ် ဆိုတဲ့ကောင်ပေါ့..။ ဆေးလိပ်ကို စီးကရက်သောက်တာ မကိုက်တာနဲ့ ဆေးပေါ့လိပ်ပြောင်းသောက်ယူရတယ်..။ တစ်ကိုယ်တည်းသမား နယ်ကနေ မြို့တက်လာပြီး ပညာရှာတဲ့သူ..။

မိုးလင်းမိုးချုပ် ဆေးလိပ်သောက်လိုက် အရက်သောက်လိုက် စာတွေဖတ်လိုက် နဲ့ လုပ်နေရရင် သူ့ဘ၀ပြည့်စုံပြီထင်တဲ့သူပါ..။ ဘယ်သူ့မှ ရန်မရှာပါဘူး..။ ဆေးလိပ်ကိုလည်း ခဏခဏ ထွက်ဝယ်ရမှာ ပျင်းတာနဲ့ အစည်းလိုက် ၀ယ်သောက်ပါတယ်..။ သူ့အကြောင်း ခဏထားလိုက်ရအောင်..။ ခုပြောချင်တာက သူဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးပါ..။

တစ်ည..။ အဲဒီညက သူတော်တော်မူးလာတယ်..။ အိမ်မှာသောက်ဖို့အတွက် ဆေးပေါ့လိပ်တစ်စည်းလည်း ၀ယ်လာတယ်..။ အဲဒီညက အရမ်းအေးတဲ့ ဒီဇင်ဘာညတစ်ည..။ သူအဆောင်ငှားပြီးနေတဲ့ ရပ်ကွက်က နည်းနည်း လူပြတ်တယ်..။ ခွေးလည်း သိပ်ပေါတယ်..။ ဒီကောင် လာတော့ ဘာပြောမလဲ ခွေးတွေထွက်ဟောင်တာပေါ့..။ သူကလည်း မူးလာတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးလဲသွားတယ်..။ ခွေးတွေက သူ့ကို ၀ိုင်းအုံလို့ဟောင်နေတယ်..။ ဒါနဲ့ဒီကောင် စိတ်ပေါက်ပေါက်နဲ့ ဘာလုပ်သလဲဆိုတော့ ဆေးပေါ့လိပ် မီးညှိသောက်တယ်..။

ခွေးက ဆေးပေါ့လိပ်မီးကို မြင်တော့ အဲဒါကြည့်ထပ်ဟောင်တယ်..။ သူကလည်း ဆက်ဖွာတယ်..။ ဖွာလိုက် ဟောင်လိုက်က နောက်နေ့မိုးလင်းသွားတယ်..။ ဆေးလိပ်တွေလည်း အတော်များများကုန်..။ ခွေးတွေလည်း ဟောင်ရတာ မော..။ လူလည်း တစ်ညလုံးဖွာလိုက်တော့ နောက်နေ့ စကားတောင်မပြောနိုင်..။ အဲဒီကနေ စပြီး ဖွာဟောင် လို့ သူ့နာမည် ရသွားတော့တာပဲ..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark