That’s why you fail!

၁။ ရည်မှန်းချက်မရှိ

လူတစ်ယောက်မှာ အနည်းဆုံးတော့ ငါဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရတယ်..။ ငါသိပ်ချမ်းသာချင်တယ် ဆိုရင် ဒီနှစ်အတွင်း ငါဘယ်လောက်မြတ်အောင်ရှာနိုင်ရမယ်..။ ငါ့ရဲ့ လှည့်ပတ်နေတဲ့ ငွေက ဘယ်လောက်အတိုင်းအတာ ဖြစ်ရမယ်..။ ငါ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တော့ ဒီနှစ်မှာဖြစ်ရမယ်..။ နောင်နှစ်မှာ ဘာဖြစ်ရမယ်..။ အဲဒါကို ထပ်ခွဲခြမ်းစိတ်ဖြာပြီး လေးလအတွင်းဘာတွေလုပ်ရမယ်..။ အဲဒီ လေးလ ရည်မှန်းချက်အတွက် တစ်လခြင်းဆီမှာ ဘာတွေလုပ်သွားမယ် ဆိုတဲ့ အသေးစိတ်စဉ်းစားထားတာမျိုးတော့ ရှိရမယ်..။ ဒီလအတွင်းရတဲ့ငွေလည်း အသုံးစရိတ်၊ နောက်လအတွင်းရတာလည်း အကြွေးတင်တာတွေဆပ်နေရရင် လုံးချာလည်ပြီး ဒီနှစ်အတွင်းလည်း ဘာမှဖြစ်လာမှမဟုတ်သလို ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်လည်း မရောက်ဘူး..။ ရည်မှန်းချက်ရှိနေဖို့ နံပါတ် ၁။ ပြီးတော့ ရည်မှန်းချက်အတိုင်းဖြစ်ဖို့ ဘယ်လိုသွားရမယ်ဆိုတာ သိဖို့ နံပါတ် ၂။ နံပါတ် ၃ အချက်ကတော့ အဲဒီရောက်အောင်သွားမယ့် လမ်းကြောင်းကို မမှိတ်မသုန်သွားဖို့ပဲ..။

၂။ အဆိုးမြင်၊ အပြုသဘောမဆောင်

အရာရာတိုင်းက ကိုယ်တွေးထားသလို ဘယ်တော့မှဖြစ်မလာတတ်ဘူး..။ တောင်ထိပ်ကို ရောက်ချင်ရင် အကွေ့အကောက်တွေကို ဖြတ်သန်းရတယ်..။ အတက်အဆင်းတွေကို ကျော်ဖြတ်ရတယ်..။ နောက်တော့မှ ကိုယ်ရောက်ချင်တဲ့ တောင်ထိပ်ကိုရောက်တယ်..။ ကြုံနေတာတွေကို အဆိုးမြင်နေရင် လှည့်ပြန်ရမယ်.။ အကောင်းချည့် မြင်နေရမယ် မဆိုလိုဘူး..။ ဆိုးတာကို ဆိုးတယ်ဆိုတာပဲမှတ်ထားပြီး ဆက်လျှောက်ရမှာ..။ အဆိုးတွေမြင်၊ အပြစ်တွေတင်နေရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာနဲ့ အတူတူပဲ..။

၃။ မှန်ကန်စွာဆုံးဖြတ်နိုင်မှုမရှိ

ကိုယ်လျှောက်ရတဲ့လမ်းဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါပဲ..။ ကိုယ်သာလျင် အခရာအကျဆုံးပဲ..။ ကိုယ့်ဘဝကို ကိုယ့်ဆုံးဖြတ်ချက်တွေနဲ့ပဲ ထုဆစ်ရတယ်..။ မမှန်မကန် ဆုံးဖြတ်ချက်ချတာတွေက ကိုယ့်ဘဝကျဆုံးခန်း တွန်းပို့သလိုပါပဲ..။ အလုပ်တစ်ခုအတွက်၊ လုပ်ငန်းကိစ္စတစ်ခုအတွက်၊ ဘဝရဲ့ အရေးအကြီးဆုံး ကိစ္စဖြစ်လာမှာတွေအတွက် ဆုံးဖြတ်ချက် ချတတ်ဖို့ လိုတယ်..။ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချဖို့အတွက် ပြင်ဆင်တတ်ဖို့ လိုအပ်ပါတယ်..။ ကောင်းမွန် ခိုင်မာတဲ့ အချက်အလက်တွေ စုစောင်းရမယ်..။ အဆိုးအကောင်း မျှခြေအတွက် ပြင်ဆင်ရမယ်..။ သုံးသပ်ရမယ်..။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် ဘယ်သောအခါမှ မချလေနဲ့..။

၎။ ဆက်ဆံရေးညံ့

တစ်ယောက်တည်း နေချင်ရင် တောထဲမှာ တရားအားထုတ်လို့ပဲ ရမယ်..။ လူ့သဘာဝ လူ့ပတ်ဝန်းကျင်မှာ နေနေသေးသ၍တော့ လူတွေနဲ့ အဆက်အဆံလုပ်နေရဦးမယ်..။ ဒီလူတွေဟာ ကိုယ့်ဘဝအတွက် အရေးပါကြတယ်..။ ပေါင်းသင်းဆက်ဆံရေး ညံ့ရင်ဒီဘက်ခေတ်မှာ အလုပ်လည်း တွင်မယ်မဟုတ်ဘူး..။ အနီးစပ်ဆုံး ကိုယ့်မိသားစုဝင် အချင်းချင်းကြားမှာလည်း ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ရမှာ..။ အဲဒီကနေ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်း၊ အလုပ်အတူတူလုပ်နေတဲ့ သူတွေကြားထဲမှာ..၊ အဲဒီကနေ ရပ်ကွက်အတွင်း..၊ အဲဒီကနေ မြို့နယ်အတွင်း၊ လုပ်ငန်းရှင်အခြင်းခြင်း ဒီလိုနဲ့ တည်ဆောက်ရတယ်..။ ဒီလို ပေါင်းသင်းဆက်ဆံရေးတွေက ကိုယ့်ဘဝအတွက် လှေခါးထစ်ကလေးတွေပါ..။ အပေါင်းအသင်းတွေကို ချနင်းဖို့မဟုတ်ဘူး..။ သူတို့တွေရဲ့ အတွေ့အကြုံ၊ သူတို့တွေရဲ့ ကျင်လည်မှု၊ ကျွမ်းကျင်မှုတွေကနေ ကိုယ့်ဘဝအတွက် သင်ယူနိုင်တာတွေ အများကြီးပါပဲ..။ ဆက်ဆံရေး ကောင်းမွန်နေတဲ့သူအတွက် ထမင်းမငတ်ဘူး..။

၅။ ဇွဲ၊ လုံ့လ၊ ဝီရိယ မရှိ

လူတစ်ယောက်၊ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ရပ် ကျရှုံးရတယ်ဆိုတဲ့ အကြောင်းအရင်းမှာ ဇွဲ၊ လုံ့လ၊ ဝီရိယ မရှိတာလည်း ပါတယ်..။ ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့အတွက် ကိုယ်တိုင်ရုန်းရတဲ့အချိန်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့အစည်းလိုက်ကို အားသွန်ခွန်စိုက် ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်နေရချိန်မှာ ရေရှည်မှာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် ဇွဲရှိဖို့လိုတယ်..။ အားစိုက်ထုတ်ရမယ်..။ ကိုယ်ရဲ့ဥာဏ်ပညာ၊ ကိုယ့်ရဲ့ ခွန်အား အပြည့်အဝအသုံးချရမယ်..။ အလုပ်ကို ဇွဲရှိရှိတော့ လုပ်ပါရဲ့.. အားအင်လည်းမရှိဆို ရှေ့ရောက်မှာမဟုတ်ဘူး..။ ဖြစ်ချင်တာတော့ ဖြစ်ချင်တယ် ဒါပေမယ့် ဝီရိယမရှိရင်လည်း အလကားပဲ..။ Early bird တွေမှာ အခွင့်အလမ်းသစ်တွေရှိတယ်ဆိုတာ အမြဲဂရုစိုက်ရတယ်..။

၆။ ပညာမယူတတ်

တစ်ခါက သူဌေးကြီးတစ်ယောက်ကိုမေးတယ်..။ ဘာလို့ချမ်းသာလာတာလဲ ဆိုတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့်တဲ့..။ ဒါဆို မှန်ကန်တဲ့ဆုံးဖြတ်ချက်က ဘယ်ကလာသလဲ မေးတော့ မှားယွင်းတဲ့ အလုပ်တွေကနေ လာတယ်တဲ့..။ မှားတာကို မှားတယ်လို့မြင်ပြီး အဲဒီကနေ ပညာယူတတ်ဖို့လိုတယ်..။ မှားမှာကိုကြောက်နေရင် အလုပ်မဖြစ်တော့ဘူး..။ အမှားအယွင်းတွေက အလုပ်တွေလုပ်နေသေးသ၍တော့ ဖြစ်နေဦးမှာပဲ..။ ဒါတွေကနေ သင်ယူတတ်ဖို့လိုတယ်..။ ပတ်ဝန်းကျင်မှာ အမှားတွေလုပ်နေတဲ့သူတွေ ရှိတယ်..။ ဘယ်လောက်ချမ်းသာနေပါစေ ဆင်ခြင်တုံတရားမရှိလို့ ပျက်စီးနေတဲ့သူတွေလည်း အများကြီးရှိတယ်..။ နောက်ပြီး စာအုပ်တွေ..။ အဲဒီကနေ သင်ယူတတ်ပါစေ.။

၇။ ယုံလွယ်ပြီး အားနာ

စီးပွားရေးသမားတွေပေးတဲ့ လှိမ့်လုံးတွေ၊ သူတို့ကပေးတဲ့ လက်ထဲထိမရောက်လာသေးတဲ့ အခွင့်အရေး ဆိုတာတွေ၊ သူတို့တွေက တစ်နေ့ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုတာတွေ၊ သာမန်ထက် မဖြစ်နိုင်တဲ့ အမြတ်ငွေကြေးနဲ့၊ ဒါလေးလုပ်လိုက် တစ်သက်လုံး ထိုင်စားရမယ်ဆိုတဲ့ ဖြီးဖြန်းတာတွေဟာ ကမ္ဘာပေါ်မှာ ဒုနဲ့ဒေးပါပဲ..။ ကိုယ့်ကို သိပ်ပြီး ဂရုစိုက်ရှာတာပဲ၊ ကိုယ့်အတွက် ဒီလိုလုပ်ပေးရှာတယ်ဆိုပြီး ဇွတ်အတင်းမယုံလွယ်ပါနဲ့..။ ဘေးလူမြှောက်ပေးတိုင်း ထ မလုပ်မိပါစေနဲ့..။ ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ စဉ်းစားပါ..။ အားနာလို့ လိုက်လျောလိုက်ရတယ်ဆိုတာလည်း မဖြစ်စေပါနဲ့..။ ကိုယ်ကျိုးအတွက် ထိခိုက်ရင် လက်မခံပဲယဉ်ကျေးစွာ ငြင်းတတ်အောင် ကြိုးစားပါ..။

၈။ ကြောက်ရွံ့ပြီး အစွဲအလမ်းကြီး

မြန်မာစကားပုံမှာ ကြောက်ရင်လွဲ၊ ရဲလျင်မင်းဖြစ် ဆိုတာရှိတယ်..။ မကြောက်ဘူးဆိုတာ သတ္တိရှိတာ..။ လူတစ်ယောက်ကို ခေါင်းရိုက်ခွဲရဲတာမှ သတ္တိရှိတာ မဟုတ်ဘူး..။ မဟုတ်တာ မမှန်တာ မလုပ်ရဲတာကလည်း သတ္တိရှိတာပဲလို့ ဆရာဦးအောင်သင်း ပြောဖူးတယ်..။ ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်လိုချင်တဲ့ပန်းတိုင်၊ ကိုယ်လျှောက်မယ့်လမ်းအတွက် ဆုံးဖြတ်ချက် ခိုင်မာပြီဆို အကြောက်အရွံ့ကင်းကင်းနဲ့ လုပ်ရဲဖို့လိုပါတယ်..။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က နံပါတ် ၁ ပါ။ ကိုယ်ကိုယ်ကိုယ် ယုံကြည်နေတယ်၊ ကိုယ့်အရည်အချင်းကိုယ် ယုံကြည်တယ်ဆိုရင် ကိုယ်လျှောက်မယ့်လမ်းအတွက် အကြောက်အရွံ့နည်းသွားလိမ့်မယ်..။ အစွဲအလမ်းကြီးတယ်ဆိုတာ မကောင်းဘူး..။ ဘယ်နေရာမှ၊ ဘာမှ၊ ဘယ်တော့မှ၊ ဘယ်အခြေအနေမှ၊ ဘယ်လိုမှ ဆိုတဲ့ အခြေအနေတွေ ထိုင်ပြီးစိစစ်နေရင် ကိုယ်သွားမယ့်လမ်းကြောင်းနဲ့ တဖြည်းဖြည်းဝေးသွားတတ်တယ်..။ အခွင့်အရေးက နှစ်ခါမလာတတ်ဘူး..။

၉။ ရတာထက် ပိုသုံး

ဝင်လာတဲ့ ငွေကြေးကို စုစောင်းတတ်ဖို့လိုအပ်တယ်..။ လိုအပ်သလောက်ပဲ သုံးပါ..။ မိတ်ဆွေတစ်ယောက်ကတော့ သူသုံးတဲ့ငွေထက် နှစ်ဆ ပြန်ဝင်အောင် ရှာတယ်တဲ့..။ သူ့ရဲ့ ဗျူဟာကတော့ ရိုးရှင်းပါတယ်..။ ကိုယ့်အသုံးစရိတ်ကိုယ် ကိုယ်သိဖို့လိုအပ်ပါတယ်..။ ဒါ့အပြင် လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် အလုပ်ကနေ အပိုကုန်နေတာတွေ ရှိပါတယ်..။ ဝင်လာဖို့ငွေဟာ သိပ်ခက်ပေမယ့် ထွက်တာတော့ လွယ်ပါတယ်..။ ဒါကို ထိန်းသိမ်းလှည့်ပတ်တတ်ဖို့ လိုအပ်ပါတယ်..။ ငွေကြေးကို မှန်မှန်ကန်ကန်နဲ့ မခိုင်းတတ်ရင် အဲဒီငွေက ကိုယ့်ကိုဒုက္ခပြန်ပေးတတ်ပါတယ်..။ ရတာထက် ပိုသုံးရင် စုံးစုံးမြုပ်တတ်ပါတယ်..။

၁၀။ သူဌေးလျင်မြန်စွာဖြစ်

ပြည့်တဲ့အိုးတွေ ဘောင်ဘင်မခတ်တတ်ပါဘူး..။ သူဌေးဖြစ်မြန်တဲ့သူတွေဟာ အောက်ခြေလွတ်သွားတတ်ပါတယ်..။ မှန်ကန်ပြည့်စုံတဲ့ ပညာဥာဏ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓါတ်မရှိဘဲ သူဌေးလျင်လျင်မြန်မြန် ဖြစ်လာတဲ့သူတွေဟာ မလွဲဧကံကျဆုံးတတ်ပါတယ်..။ အမှီကောင်းလို့၊ အကပ်ကောင်းလို့ ချမ်းသာလာခြင်းက လုပ်ငန်းတွေကနေ သင်ယူတတ်မြောက်လို့ ချမ်းသာလာခြင်းမျိုး မဟုတ်ဘူး..။ သိန်းပေါင်းသောင်းဂဏန်းချပေးလည်း မလုပ်တတ်သူအတွက် မွဲဆေးပါပဲ..။ မြန်မြန်ဆန်ဆန် သူဌေးဖြစ်လာခြင်းဟာ ကိုယ့်ကိုယ် ကျရှုံးစေတယ်ဆိုတာ သတိကပ်ဖို့ပါပဲ..။

ညီမင်းစံ

January 21, 2017
11:11 AM

Leave a Reply

Your email address will not be published. Required fields are marked *