End of 2016 and Beginning of 2017

၂၀၁၆ ခုနှစ်ထဲမှာ ၂၀၁၅ တုန်းက resolution ထားခဲ့တာတွေကို တော်တော်များများ လုပ်ဖြစ်ခဲ့တယ်..။ မျှော်လင့်မထားတာတွေပဲ ကြုံတတ်ခဲ့လေတော့ အဆင်ပြေအောင် တော်တော်လေးရုန်းကန်ပြီး နေရတယ်..။ နှစ်ကုန်ပိုင်းတွေရောက်လာလေ တော်တော်ရုန်းကန်နေရလေပါပဲ..။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာဟာ ကိုယ်ထင်နေသလောက် မဟုတ်ဘဲတော်တော်ပဲ ဘေးကြပ်နံကြပ် ဖြစ်နေရတယ်..။
အသက် ၁၈ နှစ်သားကတည်းက သူများဝန်ထမ်းလုပ်ခဲ့တာကနေ အခုမှရုတ်တရက်ကြီး ဘယ်ကုမ္ပဏီမှာမှ မလုပ်တော့ဘဲ ကိုယ်တစ်နိုင်တစ်ပိုင်လေးပဲ လုပ်ဖြစ်တော့တယ်..။ ကိုယ့်အလုပ်မှာ ကိုယ်သာလျင်ပဲ့ကိုင်သူ ဖြစ်တဲ့အတွက် အတွေးရေယဉ်ကြောမှာမျောပြီး စိတ်ကူးယဉ်နေလို့ မရဘူး..။ ဝါသနာပါတာလည်း လုပ်နေတာရယ် စိတ်ကူးထားသမျှ ပုံဖော်ပြီးလုပ်နေတာဖြစ်တဲ့အတွက် ရုန်းနေကန်နေရတာပါပဲ..။ သူများလို အဖေဗိုလ်ချုပ် အမေမိုးကုတ် မဟုတ်တဲ့အတွက် မိသားစုဆီကလည်း လက်ဖြန့်တောင်းလို့မရ၊ အသိုင်းအဝိုင်းကလည်း မတောင့်တင်းလေတော့ ဘဝက ဝလုံးနဲ့ စတော့တာပဲ..။

၂၀၁၆ ကို ပြန်ကြည့်ရင် comfort zone မှာနေခဲ့တာတွေကို ရုန်းကန်ထွက်ခဲ့ရတယ်..။ မိတ်ဆွေအပေါင်းအသင်းတွေဆီကနေ အကူအညီတွေရခဲ့တယ်..။ အထူးသဖြင့် အစ်ကို ဆရာသမားတွေဖြစ်တဲ့သူတွေ၊ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ လက်တွဲပြီးအလုပ်လုပ်ခွင့် ရခဲ့တယ်..။ လူတစ်ဖက်သားအပေါ် ဘာမှမျှော်လင့်ချင်မထားဘဲ ကြည့်ရှုခဲ့တာတွေက အဲဒီသူဆီကနေ ကိုယ်လုပ်ချင်တဲ့အလုပ်ကလေးတွေ ရခဲ့ သိခဲ့ ကူညီပေးတာ ပြန်ခံစားရတယ်..။ စေတနာထားရင် စေတနာထားသလို၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ် ဆိုတာလေးတွေ လက်ငင်းအကျိုးရခဲ့တယ်..။ Photography နဲ့ပတ်သက်ပြီး လေ့လာချင်သေးတယ်ဆိုတာလေးတွေအတွက် မထင်မှတ်ဘဲ workshop တွေ တက်ခဲ့တယ်..။

စာတွေရေးမယ်ဆိုတာတော့ မရေးဖြစ်ဘူး..။ စီးပွားရေးနဲ့ပတ်သက်တဲ့စာတွေ များများရေးချင်နေမိတယ်..။ ကိုယ်တိုင်လည်း လုပ်ငန်းတွေ၊ စီးပွားရေးစနစ်တွေနဲ့ နိုင်ငံတကာရဲ့အောင်မြင်မှုတွေ လိုက်ရှာဖတ်မိရင်း သိချင်နေတဲ့သူတွေအတွက် ရေးချင်တယ်ဆိုတာတွေ မရေးဖြစ်ခဲ့ဘူး..။ Resolution လုပ်ထားတဲ့အချက်ထဲက မလုပ်နိုင်ခဲ့တာ အဲဒါပါပဲ..။

စီးပွားရေးလောကထဲက လူတွေက မယုံရဘူး..။ သူတို့က မျှော်လင့်ချက်ပေးပြီးမှ ဘေးထွက်နေတတ်တယ်..။ သူတို့စကားတွေကို ယုံစားမိပြီး မိုက်ခဲ့တဲ့အတွက် ဆုံးရှုံးရတယ်..။ ဒါအတွက်လည်း တော်တော်လေး အတွေ့အကြုံရခဲ့တယ်..။ ကျွန်တော့်စိတ်ရင်းနဲ့ ကျွန်တော်သူတို့အပေါ် ယုံမိတာက ကျွန်တော့်အတွက် တွန်းချခံရသလို ဖြစ်ခဲ့တာကို ကျွန်တော်ဘယ်တော့မှမမေ့ဘူး..။ မနက်ဖြန်အတွက် ဘယ်လိုရပ်တည်ရမလဲ.. ဒီလအတွက် ငါဝင်ငွေတစ်ပြားမှမရှိသေးဘူးလို့ တွေးနေမိတဲ့အချိန်မှာ ကျွန်တော့်ပုခုံးပုတ်ပြီး နာမည်ကျော်ဟိုတယ်ကြီးတစ်ခုရဲ့မင်ဘာဖြစ်ခွင့်လေးတစ်ခုအတွက် သိန်းထောင်ပေါင်းများစွာ အပ်နှံထားကြောင်း ပြောခံရတဲ့အချိန်က လူ့လောကကြီးဟာ ကိုယ့်ရဲ့ကံကြမ္မာကို အံကြိတ်ပြီးတွေးမိချိန်ပါပဲ..။

လူတွေရဲ့စိတ်က ကြောက်စရာ သိပ်ကောင်းတယ်။ လိမ်လည်၊ တစ်ပတ်ရိုက်၊ ချောက်တွန်း၊ ထိုးချ၊ နောက်ကျောဒါးနဲ့ထိုး အဲဒါကနေ ရလာတဲ့ငွေတွေနဲ့ စိန်စီထားတဲ့အနာဂတ်တွေ တည်ဆောက်နေကြတာကို သူတို့ကိုယ်သူတို့လည်း သမာအာဇီဝလို့ ထင်နေခဲ့ကြတယ်..။ အဲဒီလိုလူတွေ တွေ့တာ ၂၀၁၆ မှာ သိပ်များလာတယ်..။ သူတို့ရဲ့ မကောင်းတဲ့ဓလေ့တွေ အရှိန်တွေက ဘေးကကောင်းနေတဲ့သူတွေ ဟပ်ရင်းပူလောင်ရတယ်..။ ကျွန်တော်သာ ဖယောင်းလိုလူစားဆို အရည်ပျော်ခဲ့ ကွေးညွတ်ခဲ့ပါပြီ။

ဘယ်အရာမဆို အိပ်မက်တွေက စတင်တယ်၊ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ ဆိုတဲ့ဟာသစကားကို သွားသတိရမိတယ်..။ သိသိသာသာပဲ အိပ်ချိန်တွေနည်းလာခဲ့တယ်..။ မနက်စောစော အလုပ်ထလုပ်နေကြ ဖြစ်တဲ့အတွက် နိုးနေပေမယ့် ညဘက်တွေအိပ်ချိန်နည်းခဲ့တယ်..။ ခေါင်းချတာနဲ့ အိပ်ပျော်ခဲ့တဲ့ကျွန်တော်ဟာ ၂၀၁၆ နှစ်ကုန်လောက်မှာ အတွေးတွေများပြီး အိပ်မရခဲ့တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်..။ တစ်ယောက်တည်း မျက်ရည်ကျရတဲ့အချိန်တွေလည်း ရှိခဲ့တယ်..။ မျက်ရည်ကျတာ ဆန်းသလားဆိုတော့ ဆန်းတော့မဆန်းဘူး..။ စိတ်လေပြီး မဟုတ်တာတွေလျှောက်ဖြစ်နေတာထက်စာရင် မျက်ရည်ကျနေတာ ကျွန်တော့်အတွက် ပိုပြီးဖြေသာပါတယ်..။

မထင်မှတ်ဘဲလုပ်ဖြစ်ခဲ့တာက ပန်းချီဆွဲတာနဲ့ ဟင်းချက်တာပဲ..။ ထိုင်းစာ၊ အိန္ဒိယစာ နည်းနည်းပါးပါး ချက်တတ်တယ်..။ ချစ်သူကို ရံဖန်ရံခါ ချက်ကျွေးတယ်..။ ကိုယ်တိုင်တော့ ချက်မစားဘူး..။ သူကျွေးတာပဲ စားတယ်..။ 😀 ပန်းချီလည်းအခြေခံလေးရလာပြီး ဆက်ဆွဲနေတယ်..။ ခဲပန်းချီဆွဲတတ်ချင်နေလို့ လေ့ကျင့်ပြီးဆွဲခဲ့တယ်..။ sketch လောက်ဆွဲတတ်ရင် ရပါပြီဆိုပေမယ့် ပညာသည် လေ့လာလို့မကုန်ပါဘဲ..။ အခုထိတော့ တောင်ခြစ်မြောက်ခြစ်ပေမယ့် မဆိုးဘူးဟ လို့တွေ့တဲ့သူတွေပြောနေလေတော့ professional အဆင့်ထိတက်ဆွဲနေမှာ မဟုတ်ပေမယ့် ဒါလေးဆွဲနေရတာလည်း စိတ်တော့ချမ်းသာတယ်..။

၂၀၁၅ နဲ့ယှဉ်ရင်တော့ စာတွေပိုပြီးဖတ်ဖြစ်လာတယ်..။ တစ်လကို ပုံမှန် ၅ အုပ်ဖတ်မယ်ဆိုတာ ပြီးအောင်ကြိုးစားပြီးဖတ်တယ်..။ စာအုပ်ကို သွားလေရာမှာ ယူသွားတယ်..။ အချိန်ရရ မရရ ရအောင်လုပြီး တစ်မျက်နှာပြီးပြီး နှစ်မျက်နှာပြီးပြီး ဖတ်တယ်..။ ချစ်သူကို သွားစောင့်ပေးနေရင်း စာဖတ်ချိန်ရတယ်..။ အလုပ်တစ်ခုနဲ့ တစ်ခုကြား သွားနေရင်း စောင့်နေရရင်း စာဖတ်ချိန်ရတယ်..။ စာတွေပိုဖတ်ဖြစ်တော့ ပိုပျော်ဖို့ ကောင်းလာတယ်..။ စာအုပ်တွေလည်း ဝယ်စုဖြစ်တယ်..။

တိုးတက်လာတာကတော့ ဝိတ်ပဲ..။ ချစ်သူနဲ့အတူ လေ့ကျင့်ခန်းတွေလုပ်ရင်း ၂၀၁၆ နှစ်စပိုင်းမှာ ပေါင် ၁၇၀ ကနေ ပေါင် ၁၆၀ ပုံမှန်ဖြစ်သွားတယ်..။ ကံဆိုးတာက ဒူးမှာအရွတ်ပြဲသွားတဲ့အတွက် လေ့ကျင့်ခန်းလုပ်နေတာတွေ ရပ်လိုက်ရတယ်..။ အခုတော့ ပေါင် ၁၈၀ ထိ ဖြစ်လာတယ်..။ လောလောဆယ်မှာတော့ ခြေထောက်အခြေအနေလေး နည်းနည်းပြန်ကောင်းလာတော့ ၂၀၁၇ မှာ ပေါင် ၁၆၀ ပြန်ဖြစ်အောင်လုပ်ရမယ်။ ရေကူးရမယ်..။ အင်္ဂလိပ်စာရေးတာ ပြောတာ ပိုပြီး ဌာန်ကရိုဏ်းကျအောင် လေ့ကျင့်ရမယ်..။ လက်ရှိ လုပ်နေတဲ့ အလုပ်ကို အောင်မြင်အောင်ဇောက်ချပြီး လုပ်ရမယ်..။ ခရီးသွားတာတွေလည်း ပိုလုပ်ဖြစ်မယ်..။ ဓါတ်ပုံတွေ ပိုရိုက်လာလိမ့်မယ်.။ နောက်တစ်ချက် ကျေးဇူးတင်ဖို့က ဖေဖေနဲ့မေမေ..။ အခုထိ သားကြီးသြရသဖြစ်တဲ့ ကျွန်တော့်အပေါ် ယုံကြည်တယ်၊ မြေတောင်မြှောက်ပေးတယ်၊ သူတို့သိသလောက် ပြောဆိုဆုံးမနေတုန်းပဲ..။ အတိုင်းအတာတစ်ခုထိပဲ ရည်မှန်းချက်ကလေးတွေ ဖြည့်ပေးနိုင်တဲ့အတွက် ၂၀၁၆ မှာ စိတ်မကောင်း ဖြစ်ရပေမယ့် ၂၀၁၇ မှာတော့ ပိုဂရုစိုက်ပေးမယ်..။

၂၀၁၆ ရဲ့ အဓိပ္ပါယ်အပြည့်၊ ကြည်နူးစရာ အပြည့်၊ ပျော်ရွှင်မှုအပြည့်နဲ့ ကြုံရတာတော့ ချစ်သူနဲ့ပတ်သက်သမျှပါပဲ..။ ကျွန်တော်က မွေးလာတော့သာ အင်္ဂါနေ့၊ ခြင်္သေ့စိတ်က တစ်ပြားမှမရှိ..။ ဘယ်ရှိမလဲ.. အထုအထောင်းခံရတာတွေ များတော့ တွန့်ကြေပြီး ဟိုဟာလည်း မလုပ်ရဲ၊ ဒီဟာလည်း မလုပ်ရဲ၊ ဟိုဟာလည်းမပြောရဲ၊ ဒီဟာလည်း မပြောရဲတော့ မရဲတာတွေကြောင့်ပဲ တော်တော်ဒုက္ခကြုံရတယ်..။ ချစ်သူက အဲဒီစိတ်ကို ပြင်တယ်..။ ဘေးကနေအားပေးတယ်..။ ကျွန်တော်ဘာတွေဖြစ်လာ ဖြစ်လာ ချစ်သူက ဖွင့်တိုင်ပင်လို့ရတဲ့ ကျွန်တော့်ရဲ့အနီးကပ်ဆုံးသူ ဖြစ်လာတယ်..။ ကျွန်တော့်ကိုအကြံပြန်ပေးတတ်တယ်.. ဖေးမတယ်..။ ချစ်သူ လုပ်နေတဲ့ အလုပ်တွေကိုလည်း ကျွန်တော်ဝင်ကူပေးတယ်..။ ချစ်သူနဲ့အတူတူ ပွဲလမ်းတွေ ပိုတက်ဖြစ်တယ်..။ ခရီးတွေလည်း အတူတူထွက်ဖြစ်တယ်..။ နေရာတိုင်း အချိန်တိုင်းမှာ အမှတ်တရတွေ အများကြီးကြုံခဲ့တယ်..။ ဖန်တီးခဲ့ကြတယ်..။ နည်းနည်းမှ မငြိုငြင်ဘဲ ကျွန်တော့်အပေါ်ယုံကြည်အားပေးခဲ့တာတွေနဲ့ပဲ နှစ်ဟောင်းကို ကျော်ဖြတ်ပြီး နှစ်သစ်ကိုလည်း ဒီလိုပဲထပ်ကျော်ဖြတ်ဦးမယ်..။ facebook wall ပေါ်မှာရော အပြင်မှာပါ မျက်စေ့နောက်နေကျလည်း သည်းခံတော်မူကြပါလို့။
လှပတဲ့နှစ်သစ်ကို ပိုင်ဆိုင်ပြီး ကျန်းမာချမ်းသာတော်မူကြပါစေဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *